
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကရင်အမျိုးသားအစည်းအရုံ (KNU) ဌာနချုပ်အနီးမှာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့မနက်က စစ်ကောင်စီဘက်ကနေ ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲချလို့ ပေါက်ကွဲမှု ဖြစ်ပြီး ဒေသခံ တယောက် ဒဏ်ရာရသွားတယ်လို့ ကရင်သတင်းရင်းမြစ်ကနေ သိရပါတယ်။
KNU ဌာနချုပ်နဲ့ အနီးတဝိုက်ဖြစ်တဲ့ KNU တပ်မဟာ ၇ နယ်မြေ ကရင့်တော်လှန်ရေး ၇၆ နှစ် ကွင်းအနီး မော်ပယ်ခို့ ကျေးရွာထဲကို ဒီနေ့ မနက် ၇ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီးတလုံး အရင်ကြဲချခံရလို့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မိနစ် ၃၀ လောက်အကြာမှာ နောက်ထပ် ဒရုန်းတစင်း ထပ်ရောက်လာပြီးမှ အောက်သို့ထိုးဆင်းကာ ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတယောက် ခြေထောက်ရဲ့ ဘယ်ဘက်မှာ အနည်းငယ် ထိခိုက်သွားပြီး ဆေးကုသမှုခံယူရပါတယ်။
ကရင့်တော်လှန်ရေးနေ့ ၇၆ နှစ်ပြည့်မှာ အနှောင့်အယှက်ပေးဖို့ စစ်ကောင်စီဘက်က သွေးတိုးစမ်း ပစ်ခတ်တာဖြစ်နိုင်တယ်လို့ KNU သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
၂၀၂၄ နိုဝင်ဘာ ၂၂ ရက်ကလည်း KNLA စစ်ဌာနချုပ်ကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးလာချသွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။