Home
နိုင်ငံတကာ
ဓားစာခံ အစ္စရေး ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦးကို  ဟားမတ်စ်က ပြန်လွှတ်ပေးဖွယ်ရှိ 
DVB
·
January 30, 2025
Photo-Reuters

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးဓားစာခံ ၃ ယောက်နဲ့ ထိုင်းနိုင်ငံသား ၅ ယောက်ကို တတိယအသုတ်အဖြစ် ပြန်လွှတ်ပေးဖို့ရှိကြောင်း သိရပါတယ်။

အခုလိုမျိုး ပြန်လွတ်မြောက်လာမယ့် အစ္စရေးနိုင်ငံသားတွေထဲမှာ အသက် ၁၉ နဲ့ ၂၉ နှစ်အရွယ် အမျိုးသမီး ၂ ယောက်၊ အသက် ၈၀ အရွယ် အမျိုးသားတယောက်တို့ ပါဝင်တယ်ဆိုပြီး ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

တရက်တည်းမှာပဲ အစ္စရေးအာဏာပိုင်တွေဘက်က ပါလက်စတိုင်းအကျဉ်းသားဦးရေ ၁၁၀ လောက်ကို အလဲအလှယ်အနေနဲ့ လွတ်ငြိမ်းခွင့်ပေးဖို့ မျှော်မှန်းထားပါတယ်။

အဲဒီထဲက ၃၂ ယောက်ဟာ တသက်တကျွန်းထောင်ဒဏ် ချမှတ်ခံထားရသူတွေဖြစ်ပြီး နောက်ထပ် ၃၀ ကိုတော့ ကလေးသူငယ်တွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်နဲ့အတူ အခြားလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ အစ္စရေးဓားစာခံ ၃၃ ယောက်ကို အပစ်ရပ်သဘောတူညီချက် ပထမအဆင့်ကာလမှာ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

အပြန်အလှန်အနေနဲ့ အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ နီးပါးကို လွှတ်ပေးသွားဖို့ ရှိနေပါတယ်။

၆ ပတ်တာကြာမြင့်မယ့် အပစ်ရပ်ကာလမှာ အစ္စရေးနဲ့ ဟားမတ်စ်ကြား ဓားစာခံလဲလှယ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကျန်ရှိနေသေးတဲ့ အစ္စရေးဓားစာခံတွေထဲက ၈ ယောက်ကိုတော့ သေဆုံးသွားပြီလို့ သိရတဲ့အကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် မန်ဆာ ကိုယ်တိုင် ပြောဆိုပါတယ်။

အရှေ့ဂျေရုဆလင်၊ ဂါဇာနဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် အကူအညီပေးနေတဲ့ UNRWA ကုလသမဂ္ဂအေဂျင်စီကို အစ္စရေးရဲ့ လုပ်ငန်းလည်ပတ်ခွင့် ပိတ်ပင်မှုဟာလည်း စတင်အသက်ဝင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသက တမ်မွန်မြို့ငယ်ကိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ပါလက်စတိုင်း ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဂါဇာမြောက်ပိုင်းမှာလည်း ပါလက်စတိုင်း ၅ သိန်းကျော် နေရပ်ပြန်ရောက်နေပြီဖြစ်ပြီး စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ ရောက်ရှိလာဖို့အတွက် စောင့်မျှော်နေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013