
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုံးပြန်မတက်ချင်တဲ့ ဖက်ဒရယ်အစိုးရဝန်ထမ်းတွေကို ၈ လစာ လုပ်ခနဲ့အတူ အလုပ်ထွက်ခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
ဒါဟာ မဲဆွယ်ကာလမှာ ကတိပြုခဲ့တဲ့အတိုင်း ထရမ့်ပ်က ဖက်ဒရယ်အစိုးရရဲ့ အရွယ်အစားနဲ့ အသုံးစရိတ်ကို လျှော့ချလိုတာ ဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၆ ရက် နောက်ဆုံးထားပြီး “မိမိဆန္ဒအလျောက် အလုပ်ထွက်ခွင့်အစီအစဉ်” မှာ ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာကို ဆုံးဖြတ်ဖို့အတွက် ပြီးခဲ့တဲ့အင်္ဂါနေ့က သန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေဆီ အီးမေးလ်ပို့ခဲ့ပါတယ်။
အလုပ်ထွက်ဖို့ ဝန်ထမ်းတွေအနေနဲ့ သဘောတူခဲ့ရင် စက်တင်ဘာ ၃၀ ရက်အထိ လစာအပါအဝင် အခြားခံစားခွင့်တွေပါ ရရှိဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်အစိုးရဟာ ဖက်ဒရယ်ဝန်ထမ်းပေါင်း ၂ သန်းကျော်ရှိတဲ့အထဲမှာ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂ သိန်းလောက်က မက်လုံးပေးကမ်းလှမ်းမှုကို လက်ခံနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။
အဲဒီအစီအစဉ်အရ ဒေါ်လာဘီလီယံ ၁၀၀ အထိ အစိုးရအတွက် သက်သာစေနိုင်တယ်လို့ တာဝန်ရှိတွေက မီဒီယာတွေကို ဖြေဆိုပါတယ်။
ဒါပေမဲ့လည်း မရှိမဖြစ်လိုအပ်တဲ့ စစ်မှုထမ်းတွေ၊ စာပို့ဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ အမျိုးသားလုံခြုံရေး ဝန်ထမ်းအချို့တော့ အီးမေးလ်နဲ့ ကမ်းလှမ်းချက်ထဲမှာ ပါဝင်တာ မတွေ့ရပါဘူး။
ဒါ့အပြင် ကိုဗစ်ကာလကတည်းက အိမ်မှာတင်အလုပ်လုပ်ရတဲ့ အစိုးရဝန်ထမ်းတွေကိုပါ တပတ်- ၅ ရက် ရုံးပြန်တက်ရမယ်ဆိုပြီး အစောပိုင်းမှာ ကြေညာထားပါတယ်။
အသက် ၁၉ နှစ်အောက် လူငယ်တွေရဲ့ လိင်ပြောင်း ခွဲစိတ်ကုသခွင့်အပေါ် တားမြစ်ကန့်သတ်လိုက်တဲ့အမိန့် ထုတ်ပြချက်ကိုလည်း ထရမ့်ပ်က အင်္ဂါနေ့မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
ထိပ်တန်း ဒီမိုကရက်အမတ်တွေကတော့ ထရမ့်ပ်ရဲ့ အစီအစဉ်ကို “အလွန်အမင်း စိုးရိမ်ရတယ်” ဆိုပြီး တုံ့ပြန်ခဲ့ကြပါတယ်။
Source : Reuters