
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ထရာက လာမယ့်သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံကာ ကျားဖြန့်ငွေလိမ် ရာဇဝတ်ဂိုဏ်တွေကိစ္စ ဆွေးနွေးမယ်လို့ ပြောလိုက်ပါတယ်။
ဒီခရီးစဉ်ကိုတော့ ဖေဖော်ဝါရီ ၅ ရက်ကနေ ၈ ရက်အထိ သွားရောက်ဖို့ စီစဉ်ထားကာ ထိုင်းနိုင်ငံအတွင်း ခရီးသွားဧည့်သည်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအစောပိုင်းတုန်းက ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတခုမှာ တရုတ်သရုပ်ဆောင်မင်းသား ဝန်ဇင်း လူကုန်ကူးခံခဲ့ရတဲ့ အမှုကိစ္စအပြီး တရုတ်ခရီးသွား ဧည့်သည်တွေကြား စိုးရိမ်မှုတွေ မြင့်တက်လာကာ ထိုင်းခရီးစဉ်တွေ ဖျက်သိမ်းမှုတွေ များပြားလာချိန်မှာ ထိုင်းအစိုးရက တရုတ်ခရီးသွားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံချက်ပေးပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာပါ။
မစ္စ ဖဲထောင်းထန်းက ထိုင်းနိုင်ငံတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အနုတ်လက္ခဏာ သဘောဆောင်တဲ့ ကောလာဟလတွေကို တားဆီးရာမှာ တရုတ်နိုင်ငံရဲ့ အကူအညီကို တောင်းခံမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ကြောင်း ပြောကြားသွားမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာရောက်တဲ့နိုင်ငံ ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၃၅ ဒသမ ၅ သန်းထဲက ၆ ဒသမ ၇ သန်းဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ GDP ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ဟာ ခရီးသွားလုပ်ငန်းအပေါ် မူတည်နေတာကြောင့် ခရီးသွားတွေ ဘေးကင်းစေဖို့အတွက် ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ထိုင်းဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေကို ညွှန်ကြားထားခဲ့တာပါ။
အရှေ့တောင်အာရှဒေသတဝန်းမှာတော့ ဒေါ်လာဘီလီယံချီတန်တဲ့ ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေဟာ အထူးသဖြင့် လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေမှာ တိုးပွားလာနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါ ရာဇဝတ်ဂိုဏ်းတွေကို ပြည်တွင်း ဖြိုခွင်းမှုအပြီး ဇာတိနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ တရုတ်တရားခံပြေးတွေဟာ မကြာခဏ ဆိုသလို ထွက်ပြေးလာကြပြီး မြန်မာနိုင်ငံဘက်က စစ်အုပ်စုရဲ့ထိန်းချုပ်မှု မရှိတော့တဲ့ လက်နက်ကိုင်နယ်မြေတွေထဲမှာ ဆက်လက်ပြီးတော့ ကြီးစိုးလာနေတယ်လို့ ဆိုပါတယ်။
Source: The Straits Time