Home
ဆောင်းပါး
နည်းပညာလောကကို ကိုင်လှုပ်လိုက်သည့် တရုတ် DeepSeek AI ဘာလဲ၊ ဘယ်လဲ
DVB
·
January 28, 2025
Photo : Reuters

တရုတ်နိုင်ငံ DeepSeek ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ AI စနစ်သုံး ချက်ဘော့က အမေရိကန်မှာ ဇန်နဝါရီလထဲ ဖြန့်ချိပြီးတာနဲ့ Apple App Store မှာ အခမဲ့ အပ်ပလီကေးရှင်းတွေထဲမှာ ဒေါင်းလုပ်အများဆုံး ဖြစ်လာခဲ့ပါတယ်။

DeepSeek  အက်ပလီကေးရှင်းကို ရုတ်တရက် လူကြိုက်များလာခဲ့သလို အမေရိကန်အခြေစိုက် AI ကုမ္ပဏီတွေထက် ကုန်ကျစရိတ် အရမ်းသက်သက်သာသာနဲ့ လည်ပတ်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်ဘဏ္ဍာရေးစျေးကွက်ပါ ဝရုန်းသုန်းကား ဖြစ်ကုန်ပါတယ်။

ဆီလီကွန်ဗယ်လီက ရင်းနှီးမြှုပ်နှံသူ Marc Andreessen က DeepSeek ဟာ “AI နယ်ပယ်မှာ အံ့မခန်းဆန်းပြီး အထင်ကရအဖြစ်ဆုံး တီထွင်မှုတွေထဲက တခု” လို့ ချီးကျူးပါတယ်။

DeepSeek ကုမ္ပဏီကတော့ သူတို့ရဲ့ နောက်ဆုံးထွက် AI မိုဒယ်တွေဟာ အမေရိကန်က ChatGPT လိုမျိုး ထိပ်တန်းမော်ဒယ်တွေနဲ့ စွမ်းဆောင်ရည်တူပေမဲ့ စရိတ်စကကျတော့ အစွန်းထွက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒီ App ကို ဖန်တီးခဲ့တဲ့ သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ တည်ဆောက်ဖို့ ဒေါ်လာ ၆ သန်းပဲ ကုန်တယ်လို့ ဆိုပါတယ်။ ဒါဟာ အမေရိကန် AI ကုမ္ပဏီတွေ သုံးခဲ့ရတဲ့ ဘီလီယံနဲ့ချီတဲ့ ပမာဏထက် အဆပေါင်းများစွာ သက်သာပါတယ်။

DeepSeek ဆိုတာ ဘာလဲ

DeepSeek ဆိုတာ တရုတ်ပြည် အရှေ့တောင်ပိုင်းက ဟန်ကျိုးမြို့မှာ အခြေစိုက်တဲ့ တရုတ် AI ကုမ္ပဏီတခု ဖြစ်ပါတယ်။ ကုမ္ပဏီကို ၂၀၂၃ ဇူလိုင်လမှာ စတင်ခဲ့ပေမဲ့ သူတို့ရဲ့ လူကြိုက်များတဲ့ AI အက်ပလီကေးရှင်းကိုတော့ ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်နေ့ကျမှ အမေရိကန်မှာ ဖြန့်ခဲ့တာ ဖြစ်ပါတယ်။

DeepSeek တည်ထောင်သူ လျန်ဝမ်ဖန်းဆိုတာ ဘယ်သူလဲ

လျန်ဝေဖန်ဟာ DeepSeek ကို သူတည်ထောင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေလုပ်ငန်းက ငွေနဲ့ တည်ထောင်ခဲ့တာပါ။

အသက် ၄၀ အရွယ် သတင်းအချက်အလက်နဲ့ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့ရ ဒီပုဂ္ဂိုလ်ဟာ အခုအခါ တရုတ်ကို တင်ပို့ခွင့်ပိတ်ပင်ထားတဲ့ Nvidia A100 ချစ်ပ်တွေကို အရင်ကတည်းက စုဆောင်းထားခဲ့တယ်လို့ သိရပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ယူဆချက်အရ ချစ်ပ် ၅၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီချစ်ပ်တွေနဲ့ တင်သွင်းခွင့် ရနေသေးတဲ့ ဈေးသက်သာတဲ့ အဆင့်နိမ့် ချစ်ပ်တွေနဲ့ တွဲသုံးပြီးတော့ DeepSeek ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ လျန်လည်း တက်ရောက်ခဲ့ပါတယ်။

ဘယ်သူတွေ သုံးနေကြလဲ

ကုမ္ပဏီရဲ့ AI အက်ပလီကေးရှင်းကို Apple App Store မှာရော သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာပါ ဒေါင်းလုပ်လို့ ရပါတယ်။ အခမဲ့ဝန်ဆောင်မှုဖြစ်တဲ့ ဒီ App ဟာ Apple APP Store မှာ ဒေါင်းလုပ်အများဆုံး ဖြစ်သလို Rating အကောင်းဆုံးလည်း ဖြစ်လာပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရတဲ့အတွက် အကောင့်သစ်ဖွင့်ဖို့ အခက်အခဲကြုံရတာမျိုး ရှိနေပါတယ်။

DeepSeek နဲ့ ဘာတွေလုပ်နိုင်လဲ

DeepSeek က ChatGPT လိုပဲ စွမ်းဆောင်ရည်မြင့် AI အကူအညီပေးစနစ်တခု ဖြစ်ပါတယ်။

App Store မှာ ဖော်ပြထားတဲ့အတိုင်းဆိုရင် “သင့်ရဲ့ မေးခွန်းတွေကို ဖြေဆိုပေးဖို့နဲ့ သင့်ဘဝကို ပိုကောင်းအောင် လုပ်ပေးဖို့” ဒီဇိုင်းဆွဲထားတာပါ။

အသုံးပြုသူတွေရဲ့ သုံးသပ်ချက်တွေအရ “စာရေးသားတာမှာ ကိုယ်ပိုင်ပုံစံဖြစ်အောင် ပါအောင် လုပ်ပေးတယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့  နိုင်ငံရေးအရ ထိရှလွယ်တဲ့ မေးခွန်းတချို့ကို ရှောင်ရှားပါတယ်။

၁၉၈၉ ဇွန် ၄ ရက်နေ့က တီယန်မင်ရင်ပြင်မှာ ဘာဖြစ်ခဲ့လဲလို့ မေးတော့ DeepSeek က “ဝမ်းနည်းပါတယ်၊ အဲဒီမေးခွန်းကို မဖြေနိုင်ပါဘူး။ ငါက အကူအညီပေးဖို့နဲ့ အန္တရာယ်မဖြစ်စေဖို့ ဒီဇိုင်းဆွဲထားတဲ့ AI အကူအညီပေးစနစ် ဖြစ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ဘာကြောင့် Nvidia လို အမေရိကန်ကုမ္ပဏီတွေကို ထိခိုက်နေရတာလဲ

DeepSeek ကို အမေရိကန်ပြိုင်ဘက်တွေထက် ဒေါ်လာသန်းရာနဲ့ချီပြီး သက်သာတဲ့ ကုန်ကျစရိတ်နဲ့ တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ AI လွှမ်းမိုးမှုအပေါ် မေးခွန်းထုတ်စရာတွေ ပေါ်လာခဲ့ပါတယ်။

AI ကုမ္ပဏီကို ဒီလို ကုန်ကျစရိတ်သက်သက်သာသာနဲ့ လည်ပတ်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ငွေကြေးဈေးကွက်တွေ ဝရုန်းသုန်းကားဖြစ်ခဲ့ပြီး နည်းပညာကုမ္ပဏီတွေ လွှမ်းထားတဲ့ Nasdaq စတော့စျေးကွက်က ၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ ကမ္ဘာတဝန်းက ချစ်ပ်ထုတ်လုပ်သူတွေနဲ့ ဒေတာစင်တာတွေလည်း တန်ဖိုးကျကုန်ပါတယ်။

AI မော်ဒယ်တွေ လည်ပတ်ဖို့ စွမ်းအားကြီး ချစ်ပ်တွေ ထုတ်လုပ်တဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီ Nvidia ကို အဆိုးဆုံး ထိခိုက်စေခဲ့ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ရှယ်ယာဈေး ၁၇ ရာခိုင်နှုန်း ထိုးကျသွားတာကြောင့် ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလီယံ ၆၀၀ လောက် ဆုံးရှုံးခဲ့ရပါတယ်။ အမေရိကန်သမိုင်းမှာ တရက်တည်း ကုမ္ပဏီတခုတည်း အများဆုံး ဆုံးရှုံးမှု ဖြစ်ပါတယ်။

Forbes သတင်းဌာနရဲ့ အဆိုအရ Nvidia ဟာ ဈေးကွက်မတည်ငွေအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်နေရာကနေ တနင်္လာနေ့မှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံကနေ ၂ ဒသမ ၉ ထရီလီယံ ကျသွားတာကြောင့် Apple နဲ့ Microsoft နောက်မှာ နံပါတ် ၃ နေရာကို ရောက်သွားခဲ့ပါတယ်။

DeepSeek က Nvidia ထုတ်တာထက် အဆင့်နိမ့်တဲ့ ဆမ်မီကွန်ဒက်တာ ချစ်ပ်တွေကို သုံးပါတယ်။

သူတို့ရဲ့ အောင်မြင်မှုက AI တိုးတက်ဖို့ ဘတ်ဂျက်အများကြီးနဲ့ အကောင်းဆုံးချစ်ပ်တွေပဲ သုံးရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ဖြိုဖျက်လိုက်သလို ဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်မြင့် ချစ်ပ်တွေရဲ့ လိုအပ်ချက်နဲ့ အနာဂတ်အပေါ် မသေချာမရေရာမှုတွေ အကြီးအကျယ် ဖြစ်ပေါ်လာစေခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013