Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းကို ရောင်းရန် ဒိန်းမတ်ဝန်ကြီးချုပ်အား ထရမ့်ပ် ဖုန်းဆက်ခြိမ်းခြောက်
DVB
·
January 26, 2025
Photo: Reuters

ဒေါ်နယ်ထရမ့်ပ် အမေရိကန်သမ္မတ မဖြစ်ခင်မှာပဲ ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီး ဂရင်းလန်ကျွန်းကိုရောင်းဖို့ ဒေါသတကြီး ဖိအားပေးခဲ့တယ်လို့ Financial Times သတင်းစာက ဇန်နဝါရီ ၂၅ရက်နေ့မှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့အပတ်က သမ္မတ ကျမ်းမကျိန်ရသေးတဲ့ ထရမ့်ပ်ဟာ ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက်ဒရစ်ဆင်နဲ့ ၄၅ မိနစ်ကြာ ဖုန်းပြောခဲ့ပြီး ဖရက်ဒရစ်ဆင်ဘက်က မရောင်းလိုကြောင်း ငြင်းဆန်တဲ့အခါ ရန်လိုပြီး ထိပ်တိုက်တိုးတဲ့ ပြောဆိုမှုတွေရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်ပြီး သိရှိထားတဲ့ လက်ရှိ အလုပ်လုပ်နေသူတွေ အပါအဝင် အငြိမ်းစား ဥရောပထိပ်တန်းတာဝန်ရှိသူ ၅ ယောက်ကို ကိုးကားပြီး Financial Times က ဖော်ပြတာ ဖြစ်ပါတယ်။ 

ဖုန်းပြောဆိုမှုဟာ   တော်တော်ကြီးကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ 

အရင်ကတည်းက ဂရင်းလန်းကို ဝယ်မယ်ပြောခဲ့ပေမဲ့ အရမ်းကြီး အလေးအနက်မဖြစ်ခဲ့ဘူးလို့ ဆိုနိုင်ကြောင်း၊ အခုကတော့ အလေးအနက်နဲ့ တော်တော်ကြီးကို အန္တရာယ်ရှိတဲ့ အခြေအနေ ရောက်သွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ 

နောက်တယောက်ကလည်း ထရမ့်ပ်ဘက်က လိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောခဲ့တာ ဖြစ်တဲ့အတွက် ဒိန်းမတ်မှာ လုံးဝတုန်လှုပ်နေပြီလို့ မှတ်ချက်ချပါတယ်။ 

တကယ်လို့ မရောင်းရင် ပစ်မှတ်ထား စည်းကြပ်ခွန်ကောက်တာမျိုးတွေ လုပ်ဖို့ပါ ထရမ့်ပ်က ခြိမ်းခြောက်ခဲ့တယ်လို့ ဒိန်းမတ်အငြိမ်းစားအရာရှိကြီးတယောက်ကလည်း ပြောပါတယ်။ 

တချိန်က ဒိန်းမတ်ကိုလိုနီ ဖြစ်ခဲ့ပြီး လက်ရှိမှာ ဒိန်းမတ်လက်အောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နေတဲ့ ဂရင်းလန်းကျွန်း တာဝန်ရှိသူတွေကလည်း လွတ်လပ်ရေးလိုချင်တယ် ပြောထားပါတယ်။ 

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024