Home
ဆောင်းပါး
ဒေါ်နယ်ထရမ့်ပ် နဲ့ အမေရိကန်ရဲ့ ကမ္ဘာ
DVB
·
January 23, 2025

သမ္မတကျမ်းသစ္စာကျိန်ဆိုပြီးပြီးချင်းပဲ ‘သမ္မတအမိန့်’ (executive orders) တွေ တခုပြီးတခု ဆက်တိုက်ထုတ်လို့ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာကြီးကို စမွှေပါပြီ။ ၄ နှစ်အတွင်း အောင့်အည်းထားရတဲ့ မကျေနပ်ချက်တွေ၊ ဖြစ်ချင်တာတွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ရည်မှန်းချက်တွေအားလုံး သမ္မတတာဝန် ယူပြီးပြီးချင်းမှာပဲ တထိုင်တည်း ထုတ်ပြန်ပါတော့တယ်။ 

ဘိုင်ဒင်နဲ့ ကွန်ဂရက်က ရပ်ဆိုင်းဖို့ အမိန့်ထုတ်ထားတဲ့ တရုတ်မီဒီယာ TikTok ကို ၇၅ ရက် ယာယီဆိုင်းငံ့ထားဖို့ အမိန့်ထုတ်တယ်။ ဇန်နဝါရီ ၁၉ ရက်မှာ ခဏရပ်သွားတဲ့ TikTok ဇန်နဝါရီ ၂၀ မှာ အမေရိကန်တနိုင်ငံလုံး ပြန်ရတယ်။ 

အမေရိကန်သမိုင်းမှာ ရုပ်ဆိုးအကျည်းတန်ဆုံး ၂၀၂၁၊ ဇန်နဝါရီ ၆ ရက် လွှတ်တော်စီးနင်းမှုမှာ ပါဝင်ပြီး ဖမ်းဆီးခံထားရတဲ့ လူပေါင်း ၁၆၀၀ ကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပြုလိုက်တယ်။ 

မက္ကဆီကို-အမေရိကန်နယ်စပ်ကို အမျိုးသားအရေးပေါ်အခြေအနေ ကြေညာပြီး တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်ဖို့ အမိန့်ထုတ်တယ်။ 

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မိဘနှစ်ပါးက​ မွေးဖွားတဲ့ ကလေးတွေကို အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ပေးမှုက ပယ်ဖျက်တယ်။ နိုင်ငံရေးခိုလှုံခွင့်အရ အမေရိကန်မှာ နေထိုင်ခွင့် နောက်ထပ် လက်မခံတော့ဘူး။ မက္ကဆီကို ရာဇဝတ်ဂိုဏ်းသားတွေကို အကြမ်းဖက်သမားတွေ အဖြစ် သတ်မှတ်တယ်။ အမေရိကန်က အလှူငွေအများဆုံး ထည့်ဝင်ထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နုတ်ထွက်တယ်။  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူစာချုပ်က နုတ်ထွက်တယ်။

ယောကျ်ားနဲ့ မိန်းမ နှစ်မျိုးသာရှိတယ်။ ယောကျ်ား မဟုတ်၊ မိန်းမမဟုတ် LGBT မရှိလို့ သတ်မှတ်တယ်။ အမေရိကန်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်မယ်။ ဖက်ဒရယ်ဝန်ထမ်းတွေ အချိန်ပြည့် အလုပ်ဆင်းရမယ်။ Government Efficiency အစိုးရ စွမ်းဆောင်ရည်ဌာန အသစ်ဖန်တီးပြီး အီလွန်မတ်စ်ကို ဦးဆောင်မယ်။  

“ခုချိန်ကစပြီး အမေရိကန်ရွှေခေတ်ကို ရောက်ပါပြီ”

သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့နေ့၊ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ပထမဆုံး ပြောလိုက်တဲ့ ထရမ့်ပ်ရဲ့ စကားပါ။ သူ သမ္မတတာဝန် တရားဝင်မထမ်းဆောင်မီအချိန်ကတည်းက ကြုံးဝါး ပြောဆိုထားခဲ့တာတွေကတော့ အများကြီးပါပဲ။ ထရမ့်ပ် ပြောသမျှအားလုံးဟာ သူ့ရဲ့ “မဟာအမေရိကန် အိပ်မက်” တွေပါ။ (America Is Back) အမေရိကန် ပြန်လာပြီ။ 

သမိုင်းတလျှောက်လုံး ‘မက္ကဆီကို ပင်လယ်ကွေ့’ လို့ ကမ္ဘာ့မြေပုံတွေမှာ ဖော်ပြထားတဲ့ ဖလော်ရီဒါနဲ့ မက္ကဆီကိုကြားက ပင်လယ်ကွေ့ကို ‘အမေရိကန် ပင်လယ်ကွေ့’လို့ အမည်ပြောင်းမယ်လို့ ဆိုတယ်။ ကနေဒါနိုင်ငံကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်မယ်လို့ ပြောဆိုပြီး အာတိတ်စက်ဝိုင်းနဲ့ ထိစပ်နေတဲ့ Green Land ကျွန်းကြီးကိုလည်း အင်အားသုံး ရယူမယ်လို့ ဆိုတယ်။ ဂရင်းလန်းကျွန်းက ဒိန်းမတ်လက်အောက်မှာ ရှိပြီး စစ်ရေးအရရော သဘာဝသယံဇာတအတွက်ပါ အမေရိကန်အတွက် အရေးပါတယ်။ ဒိန်းမတ်ဆီက ဝယ်လို့ရရင် ဝယ်မယ်။ ဝယ်မရရင် အင်အားသုံး ရယူမယ်ဆိုနေလို့ ဥရောပနိုင်ငံတွေ ခေါင်းခဲနေတယ်။ တချိန်က အမေရိကန်ရဲ့ အစောင့်အရှောက်မှာ ရှိခဲ့ပြီး အမေရိကန်က တူးဖော်ပေးထားခဲ့တဲ့ ပနားမားတူးမြောင်းနဲ့ ပနားမားကိုလည်း ပြန်ယူမယ်လို့လည်း ဆိုတယ်။ ပနားမားတူးမြောင်းကို တရုတ်ကုမ္ပဏီတွေက ကြီးစိုးခြယ်လှယ်နေတာကို လက်မခံနိုင်ဘူးလို့ ဆိုတယ်။

ကနေဒါနဲ့ မက္ကဆီကိုက သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးကောက်မယ်။ ဥရောပသွင်းကုန်တွေကိုလည်း အခွန်တိုးကောက်မယ်။ ဖေဖော်ဝါရီလကစပြီး တရုတ် သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ဆိုတယ်။ 

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲစည်းရုံးရေးကတည်းက ကတိပေးထားတဲ့အတိုင်း ထရမ့်ပ်က မက္ကဆီကို-အမေရိကန် နယ်စပ်တလျှောက်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို အရေးပေါ်အခြေအနေကြေညာပြီး အစုလိုက်အပြုံလိုက် မောင်းထုတ်နေပြီ ဖြစ်တယ်။ ထရမ့်ပ်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်မခံတော့သလို ဒုက္ခသည်အဖြစ် ဝင်ရောက်လာမယ့်သူတွေကိုလည်း လက်မခံတော့ပါဘူး။ 

ယောကျ်ားနဲ့ မိန်းမ နှစ်မျိုးသာရှိပြီး LGBT တွေကို စာရင်းမသွင်းတော့ဘူးလို့ ဆိုလိုက်တဲ့အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က ဆုတောင်းပွဲကို ဦးဆောင်ပေးခဲ့တဲ့ ဘုန်းတော်ကြီး မာရီယန်အက်ဂါ ဘတ်ဒီက ယောကျ်ားလျာ၊ မိန်းမလျာ၊ လိင်ပြောင်း၊ ကလေးသူငယ်တွေနဲ့ အထောက်အထားမဲ့ နေထိုင်ကြသူတွေအပေါ်မှာတော့ ‘ကြင်နာသနားမှု’ ပေးပါလို့ မေတ္တာရပ်ခံခဲ့တယ်။ 

ဆုတောင်းပွဲအပြီးမှာ အက်ဂါ ဘတ်ဒီက ထရမ့်ပ်ဘက်လှည့်ပြီး ပျော့ပျောင်းတဲ့ လေသံနဲ့  “ကြောက်ရွံ့ ထိတ်လန့်နေကြတဲ့ ကျမတို့နိုင်ငံက ပြည်သူတွေကို ကြင်နာသနားပါလို့ မေတ္တာရပ်ခံပါတယ်။ ဒီမိုကရက်တွေ၊ ရီပတ်ဘလစ်ကင်တွေ၊ လွတ်လပ်တဲ့ မိသားစုတွေမှာ ယောက်ျားလျာ၊ မိန်းမလျာ၊ လိင်ပြောင်း ကလေးသူငယ်တွေ ရှိကြပါတယ်။ တချို့ဟာ ခုဆိုရင် အထိတ်တလန့် ဖြစ်နေကြပါတယ်။” 

“ရွှေ့ပြောင်းနေထိုင်သူ အများစုဟာ ရာဇဝတ်သားတွေ မဟုတ်ကြပါဘူး။ သမ္မတကြီးရှင့်၊ သူတို့ကို ကြင်နာသနားပါလို့ ကျမ တောင်းဆိုပါရစေ။ သူတို့ နေထိုင်ရာအရပ်မှာ စစ်ပွဲတွေ၊ သုတ်သင် သတ်ဖြတ်မှုတွေကြောင့် ဒီနိုင်ငံကို ထွက်ပြေးခိုလှုံလာကြသူတွေရဲ့ ရင်သွေးတွေဟာ သူတို့မိဘတွေကို ပြန်ခေါ်သွားမှာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။”

ဘုန်းတော်ကြီး အက်ဂါဘတ်ဒီ မေတ္တာရပ်ခံနေချိန်မှာ ထရမ့်ပ်ဟာ မျက်နှာအောက်ချ ခေါင်းငုံ့လို့ နေခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြထားတယ်။ 

အမေရိကန်မှာ ထရမ့်ပ်ခေတ် စတင်ပြီဖြစ်သလို သူ့ကြောင့် မျက်မှောက်ကမ္ဘာမှာ ဘာတွေ ဆက်ဖြစ်လာမလဲ စိတ်ဝင်စားစရာကောင်းနေတယ်။ 

CWM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013