Home
မြန်မာသတင်း
ရန်ကုန်တွင် ဘေးတွဲသမားများကို ပြည်သူ့စစ်သင်တန်းပေးရန် စီစဉ်နေ
DVB
·
January 25, 2025
Photo-Aung Si Phyo

ရန်ကုန်၊ ဆင်ခြေဖုံးမြို့နယ်တွေကရပ်ကွက်တွေမှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့အတူ လုံခြုံရေးယူပေးနေတဲ့ ဆိုင်ကယ်ဘေးတွဲမောင်းသူတွေကို ပြည်သူ့စစ်သင်တန်းပေးဖို့ စာရင်းကောက်သွားတယ်လို့ ‌မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီက အရစ်ကျရောင်းထားလို့ သေနတ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဇန်နဝါရီလထဲမှာ နီးစပ်ရာရဲစခန်းတွေက လက်နက်ငယ်သင်တန်းပေးပြီးတဲ့နောက် စစ်ကောင်စီလုံခြုံရေး ပူးပေါင်းအဖွဲ့ဝင် ဘေးတွဲမောင်းသူတွေကိုပါ စစ်သင်တန်းပေးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့ခံတယောက်က “အစကတော့ မတတ်သာလို့ လုပ်ရသလိုလိုနဲ့။ ဧည့်စာရင်းစစ်ရင် လမ်းကြိုလမ်းကြားကအစ သူတို့က ထိပ်ဆုံးကဝင်တာ။ ဧည့်စာရင်းဆိုပြီး ရှိသမျှ လူ အကုန်ထွက်ခိုင်းတာလည်း သူတို့ပဲ။ အခု အဲဒီအဖွဲ့က ဘေးတွဲသမားတွေကို နာမည်စာရင်း ကောက်သွားတာ။ ဒီရပ်ကွက်မှာဆို ဘေးတွဲသမား ၈၀ လောက်ရှိတယ်” လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာတော့ စစ်ကောင်စီရုံးတွေအတွက် လုံခြုံရေးယူထားတဲ့ ဘေးတွဲမောင်းသူတွေကို အချိန်နဲ့နေရာအကန့်အသတ်မရှိ မောင်းနှင်ခွင့်ပြုထားသလို ကင်းလှည့်လည်ဖို့အတွက် ဘေးတွဲတစီးကို ၃ ရက်စာ ဆီတလီတာနှုန်း ရရှိနေကြပါတယ်။

ပြည်သူ့စစ်သင်တန်းတက်ရောက်ချိန်အတွင်း လစာဘယ်လိုရမယ်ဆိုတာ အသေးစိတ် မသိရသေးပေမဲ့ စစ်သင်တန်းဆင်းပြီးသား ဘေးတွဲမောင်းသူတွေကို ရပ်ကွက်ရန်ပုံငွေကနေ လုံခြုံရေးလစာပေးအပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013