ပြည်သူ့စစ်မှုထမ်းအဖြစ်ခေါ်ယူရမှာ အရေအတွက်တိုးပြီးခေါ်ဖို့ နိုင်ငံရေးပါတီတွေက အကြံပြုတယ်လို့ စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့် သတင်းစဉ်ကနေ ဖော်ပြပါတယ်။
စစ်ကောင်စီဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ ဆွေးနွေးပွဲမှာ အကြံပြုခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်က နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲပထမနေ့မှာ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့က ဆွေးနွေးချင်တဲ့ အချက်တွေကို အဆိုပြုတင်ပြခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေမှာ ပြင်ဆင်ဖြည့်စွက်မဲ့ နှစ်ဖက်အဆိုပြုချက်တွေကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သတင်းစဉ်မှာ ဖော်ပြပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေး အကြံပြုချက်အပါအဝင် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ၊ နိုင်ငံအေးချမ်းအောင်လုပ်သင့်တဲ့ အစီအမံတွေ၊ PDF တွေ အလင်းဝင်တာ များဖို့အတွက် နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့က အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ အပြီးသတ်ရတဲ့ အတည်ပြုချက်တွေကို သဘောတူလက်မှတ်ထိုးပြီး ဆက်ပြီးဆွေးနွေးဖို့ လိုအပ်တဲ့ နှစ်ဖက်အဆိုပြုချက်တွေ၊ ညှိနှိုင်းရရှိတဲ့သဘောထားတွေကို သဘောထား စုစည်းချက်အဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ စစ်ကောင်စီဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့မှာတော့ ခေါင်းဆောင်ဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခဲ့သူ ဒေါက်တာအေးမောင် အပါအဝင် စစ်ကောင်စီလက်ထက်မှာ တည်ထောင်ထားတဲ့ ပါတီခေါင်းဆောင်တချို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်ဝင်စေပြီးနောက် အခုအချိန်အထိ သင်တန်း ၉ ကြိမ်ပေးခဲ့ပြီဖြစ်ပါတယ်။