ဝါရင့်ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ကျော်သူ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ညွှန်း မယ်ခိုင် ရေးသားထားကာ ဒါရိုက်တာ သိုးဆောင်း ရိုက်ကူးထားတဲ့ “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ကို ရုံတင်ခွင့်ရပြီး ပြသဖို့ တရက်အလိုမှာ ပြသခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားရဲ့ မီဒီယာမိတ်ဆက်နဲ့ အထူးပြသပွဲကျင်းပဖို့ စီစဉ်ထားတဲ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာပဲ ပိတ်ပင်ခံလိုက်ရကြောင်း ဇာတ်ညွှန်းဆရာမ မယ်ခိုင်နဲ့ ခြေဆယ့်တစ်လှမ်း ရုပ်ရှင်ဇာတ်ကား တရားဝင်စာမျက်နှာကနေ ကြေညာလိုက်တာပါ။
ဇာတ်ညွှန်းဆရာမ မယ်ခိုင်က “ကျမရဲ့ ခြေဆယ့်တစ်လှမ်း ရုပ်ရှင်ကား မပြဖြစ်တော့တဲ့အတွက် ကျမဖိတ်ကြားထားသူ အားလုံးကို အားနာပါတယ်” လို့ ရေးသားထားပါတယ်။
ခြေဆယ့်တစ်လှမ်း ရုပ်ရှင်ဇာတ်ကား တရားဝင်စာမျက်နှာမှာတော့ “premiere show ပျက်ပါတယ်။ ရုံတင်ရက်လည်း ပျက်ပြယ်သွားပါပြီ။ ဖိတ်ကြားထားသူများအားလုံးကို တောင်းပန်တယ် ဆိုတာကလွဲပြီး တခြားပြောစရာ မရှိတော့ပါဘူး။ အားလုံးကို တောင်းပန်ပါတယ်” လို့ ရေးသားထားပါတယ်။
ဒီကားမှာပါဝင်တဲ့ သရုပ်ဆောင် အလင်းရောင် ကလည်း သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရုပ်ရှင်မပြသဖြစ်လို့ ဖိတ်ကြားထားသူတွေကို တောင်းပန်ကြောင်းလည်း ရေးသားထားပါတယ်။
“ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ကို စစ်တပ်အာဏာမသိမ်းခင် လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားရဲ့ပိုစတာမှာ နှင်းဆီပန်းပုံတွေ ပါတာကြောင့်နဲ့ ဦးကျော်သူ ပါဝင် သရုပ်ဆောင်တာတွေကြောင့် ပြသခွင့်ပိတ်ပင်ခံရတာလို့ ရုပ်ရှင်ချစ်ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကလည်း “ဦးကျော်သူပါလို့ ပိတ်တာ ဟုတ်မဟုတ်တော့ မသိဘူး။ ရုံရက်ရပြီး ပိတ်ခံလိုက်ရတာ၊ premiere ရှိုးလည်း မပြလိုက်ရဘူး။ ဒီကားကို အများကြီးမျှော်လင့်ထားတာ” လို့ ပြောပါတယ်။
အကယ်ဒမီ ကျော်သူ၊ အလင်းရောင်၊ အကယ်ဒမီ ခင်ဝင့်ဝါတို့က အဓိက သရုပ်ဆောင်ထားပြီး သရုပ်ဆောင် မေပန်းချီ၊ မင်းသူ၊ လူမုန်း စတဲ့ တခြားသရုပ်ဆောင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားကာ ဇန်နဝါရီ ၂၄ ရက်က စတင်ပြီး တနိုင်ငံလုံးမှာ ရုံတင်ပြသဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဝေဝေ