မန္တလေးတိုင်းဒေသကြီး၊ အိုးဘိုအကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား အပါအဝင် အကျဥ်းသား၊ အကျဥ်းသူ ၇၀ လောက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်လုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
ဇန်နဝါရီ ဒုတိယအပတ်ကစပြီး ဒီနေ့အထိ အကျဥ်းသား အယောက် ၄၀ နဲ့ အကျဥ်းသူ ၂၅ ယောက်တို့က ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီး ဝမ်းရောဂါ ခံစားနေရသူတွေကို ဓာတ်ဆားတထုပ်နှုန်းနဲ့ပဲ ပေးတယ်လို့ သိရပါတယ်။
PPNM တာဝန်ရှိသူက “ထမင်းနဲ့ ပဲဟင်းက အဓိကပြသနာဖြစ်မယ်လို့ ယူဆပါတယ်ဗျ။ ဘာလို့ပြောရလဲဆိုတော့ ရာသီဥတုအကူးအပြောင်းမှာ ပဲဟင်းတွေဟာ သိုးတဲ့အချိန်တွေ ရှိတယ်ပေါ့။ ထမင်းကလည်း ပျော့ရင် စားမရအောင်ပျော့ပြီး မာတဲ့အခါ ဝါးလို့မရအောင် မာတဲ့ အခြေအနေတွေ ရှိတယ်ပေါ့။ အခုက ထောင်ကကျွေးတဲ့ အစားအသောက်ကနေ ဖြစ်တယ်လို့ ကနဦး ပြောလို့ရမယ်။ ဒါပေမဲ့ အတိအကျပြောဖို့ကတော့ မလွယ်ပါဘူးဗျ လက်ရှိအချိန်ကလေ” လို့ ပြောပါတယ်။
အကျဥ်းသားတချို့က ဝမ်းလျှောတာ သက်သာသွားပေမဲ့ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်အနှံ့မှာ အနီရောင် အစက်အပျောက်တွေ ပေါ်လာတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အိုးဘိုအကျဥ်းထောင်က နေ့တိုင်းကျွေးနေတဲ့ ထမင်းနဲ့ဟင်းတွေ စားသောက်ဖို့ အဆင်မပြေတဲ့အတွက် ဇန်နဝါရီ ၁၄ ရက်မှာ ထောင်အာဏာပိုင်တွေနဲ့ အကျဥ်းသူတွေနဲ့ကြား အငြင်းပွားမှုတချို့ရှိခဲ့တယ်လို့ PPNM က ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့က နိုင်ငံတဝန်း အကျဥ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေက ထောင်ဝင်စာဧည့်တွေ့ခွင့် ပိတ်ပင်တာတွေ၊ ထောင်တွင်းဖိနှိပ် ရိုက်နှက်တာတွေ၊ ဆေးဝါးကုသခွင့် ပိတ်ပင်တာတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ခုလက်ရှိအချိန်အထိ နိုင်ငံရေးအကျဥ်းသား ၂၁,၀၀၀ ကျော်က အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး အစားအသောက်နဲ့ ကျန်းမာရေးပြသနာတွေလည်း ကြုံတွေ့နေရတယ်လို့ အကျဥ်းသားမိသားစုဝင်တွေဆီက သိရပါတယ်။