အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ မဟာရပ်ရှ်ထရာပြည်နယ်မှာ ဇန်နဝါရီ ၂၂ ရက်က ခရီးသည်တင် ရထားတစင်းမှာ မီးလန့်မှုဖြစ်ပွားလို့ သူတို့ရထားပေါ်ကနေ ကြောက်လန့်တကြား ခုန်ဆင်းကြတဲ့ ခရီးသည်တချို့ဟာ ကပ်လျက်ရှိ ရထားလမ်းကြောင်းပေါ်မှာ ဖြတ်မောင်းသွားတဲ့ တခြားရထားတစင်းနဲ့ တိုက်မိပြီး အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒီရထားမတော်တဆမှုဟာ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှ ကီလိုမီတာ ၄၀၀ လောက်အကွာမှာ ဖြစ်ပွားခဲ့တာပါ။
မီးရထားအရာရှိက“ရထားရဲ့ ဒုတိယတန်းတွဲမှာ မီးလောင်မှုဖြစ်တယ်ဆိုတဲ့ ကောလာဟလ ထွက်လာခဲ့ပြီးတော့ တစုံတယောက်က ရထားရဲ့ အရေးပေါ်ရပ်တန့်ရေး သံကြိုးကို ဆွဲလိုက်တဲ့အခါ ရထားက ရပ်တန့်သွားပြီးနောက်မှာ ခရီးသည် အများအပြားဟာ ကပ်လျက်ရထားပေါ်ကို ခုန်ချကြတာမှာ တခြားရထားတစီးက သူတို့ကို ကြိတ်မိသွားတာ” လို့ ဒေသမီဒီယာတွေကို ပြောပါတယ်။
လူတွေက ရထားရဲ့ ညာဘက်ခြမ်းရော ဘယ်ဘက်ခြမ်းကိုရော ခုန်ချကြတာမှာ တခြားတဖက်ကလာနေတဲ့ ကာနာတက အမြန်ရထားက ခရီးသည်တချို့ကို ဝင်တိုက်မိပြီးတော့ ၁၁ ယောက်ထက်မနည်း သေဆုံးပြီး ၄ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ မဟာရပ်ရှ်ထရာ ရေပေးဝေရေးဝန်ကြီးလည်းဖြစ်တဲ့ ဂျာလ်ဂါအွန်မြို့မှ ဥပဒေပြုအမတ် ဂူလက်ဘ် ပတေးလ်က ပြောပါတယ်။
အိန္ဒိယ မီးရထားလမ်းတွေဟာ ကမ္ဘာပေါ်မှာ စတုတ္ထအကြီးဆုံး ရထားကွန်ရက်ဖြစ်ပြီး ရထားအချိတ်အဆက်ကို မြှင့်တင်ဖို့ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီရဲ့ တွန်းအားပေးမှု တစိတ်တပိုင်းအနေနဲ့ ဒေါ်လာ ၃၀ ဘီလီယံ အဆင့်မြှင့်တင် ဆောင်ရွက်နေတာပါ။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူပေါင်း ၂၈၈ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ၂၀၂၃ ခုနှစ် မီးရထားတိုက်မှု အပါအဝင် ရထားမတော်တဆမှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ ပုံရိပ်ကို ညှိုးနွမ်းစေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ ရထားလမ်းတွေ ခေတ်မီရေးအတွက် ဖက်ဒရယ်ဘတ်ဂျက်နဲ့ အသုံးစရိတ် တိုးမြှင့်ဖို့ စီစဉ်နေပြီး လာမယ့်လမှာ တင်ပြဖို့ရှိကြောင်း အခုသီတင်းပတ်အစောပိုင်းက ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
Source : Reuters