ကစားသမား ၁၄ ယောက်အထိ ဒဏ်ရာနဲ့ ပွဲပယ်ရှိနေတဲ့ စပါးအသင်းကို လူအင်အား ဖြည့်တင်းပေးဖို့ နည်းပြ ပို့စ်တီကိုဂလူက တောင်းဆိုသွားပါတယ်။
စပါးအသင်းဟာ ဟော့ဖမ်ဟိမ်အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ကစားသမား ၁၄ ယောက်အထိ ပါဝင်နိုင်မှာမဟုတ်ပါဘူး။
အဓိက ကစားသမား ၁၀ ယောက်လောက်အထိ ဒဏ်ရာရရှိနေချိန်မှာ ကစားသမားတချို့နဲ့ ထပ်မံခေါ်ယူထားတဲ့ ကစားသမားသစ် တချို့ဟာလည်း ယူရိုပါလိဂ်မှာ မှတ်ပုံတင်မထားလို့ ပိုမို အခက်တွေ့ခဲ့ရတာပါ။
စပါးအသင်း ကြုံတွေ့နေရတဲ့ ပြဿနာက ဘောလုံးလောကအတွက် သတိပေးမှုတခုလိုဖြစ်ပြီး ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်ကြောင်း၊ လိဂ်ပြိုင်ပွဲအပြင် ဥရောပွဲနဲ့ ဖလားပွဲတွေ ရှိချိန်မှာ တောင့်တင်းတဲ့လူစာရင်း ရှိနေဖို့ လိုအပ်ပြီး အလှည့်ကျ အသုံးပြုနိုင်မှသာ ရလဒ်ကောင်းရရှိဖို့ မျှော်လင့်နိုင်ကြောင်း နည်းပြပို့စ်တီကိုဂလူက ပြောပါတယ်။
စပါးအသင်းမှာ တိုက်စစ်မှူး ဆိုလန်ကီ၊ တီမိုဗာနာနဲ့ ဘရန်နန်ဂျွန်ဆင်တို့ အပါအဝင် ရိုမဲရိုး၊ ဗန်ဒီဘန်၊ ဘစ်ဆူးမား၊ ဘန်တန်ကာ၊ အူဒိုဂီ အစရှိတဲ့ အမာခံကစားသမားတွေ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။
Photo-Reuters