Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်ခံရသည့် ကျောက်နီမော်ဒေသခံများ နေရပ်မပြန်နိုင်သေး
DVB
·
January 21, 2025

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအယောက် ၃၀ နီးပါး သေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ဒေသခံတွေဟာ လေကြောင်းရန် ကြောက်တာကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ အခက်အခဲတွေနဲ့ ဆက်ရင်ဆိုင်နေရပါတယ်။

ဇန်နဝါရီ ၈ ရက်က ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၈ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရခိုင်လူမျိုး ၂,၀၀၀ ကျော်နဲ့ ရိုဟင်ဂျာ ၂,၀၀၀ နီးပါးလောက်ဟာ အနီးအနား‌ ကျေးရွာတွေမှာပဲ ဖြစ်သလို တဲထိုးနေထိုင်နေကြပြီး တချို့ကလည်း နီးစပ်ရာ ဆွေမျိုးတွေဆီမှာ မှီခိုနေထိုင်နေကြရပါတယ်။ 

ကျောက်နီမော်ကျေးရွာမှာ ရခိုင်၊ ကမန်နဲ့ ရိုဟင်ဂျာ လူမျိုးတွေ အတူတကွ ယှဉ်တွဲနေထိုင်ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆောင်းရာသီကာလ ဖြစ်တာကြောင့် အအေးဒဏ်ကို ပိုခံစားနေကြရပြီး စောင်နဲ့ အနွေးထည်တွေ အရေးတကြီး လိုအပ်နေသလို ကျန်းမာရေးအတွက် ဆေးဝါးတွေ အရေးတကြီး လိုအပ်နေ ပါတယ်။

ဒေသခံ ကိုကျော်နိုင်က “ကျောက်နီမော် ပတ်ဝန်းကျင်မှာတော့ မနေရဲကြတော့ဘူး၊ ဗုံးလာကြဲမှာကြောက်လို့ပါ။ ဆောင်းရာသီဖြစ်တာကြောင့် စောင်တွေ အရေးတကြီး လိုအပ်နေပါတယ်။ စားဝတ်နေရေးအတွက် ဆန်တို့ ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ အများစုကတော့ ULA/AA ကတော့ ကူညီမှုနဲ့ နေနေတာပါ။ သူတို့စီစဉ်ပေးမှုအရပေါ့။ တဲထိုးပြီး နေနေကြရတယ်။ တချို့ကလည်း‌ ဒေသခံတွေအိမ်မှာပဲ မှီခိုပြီး နေကြရတယ်။ တခြားဒေသနဲ့ သွားလာဖို့က ရေကြောင်းကို အဓိကထား သွားရတဲ့အခါကျတော့ ရေကြောင်းကိုလည်း စစ်ကောင်စီက စောင့်ကြည့်နေတယ်။ ပြီးရင် သင်္ဘောတွေနဲ့ လှည့်ပတ်နေတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အခြေအနေပါ။ ဆေးဝါးတွေတော့ တော်တော်လေး ခက်ခဲနေပါတယ်။ လွန်ခဲ့တဲ့ ၇ လ၊ ၈ လကတည်းက တံတားတွေဖျက်၊ လမ်းကြောင်းတွေ ပိတ်ထားတော့ အဲဒီကတည်းက ခက်ခဲနေတာပါ။ အခုက ဒဏ်ရာရတဲ့သူတွေ၊ တခြား သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်လူနာတွေအတွက် ပိုခက်ခဲနေတာပါ” လို့ ပြောပါတယ်။

ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူသေဆုံးမှုတွေအပြင် ဒေသခံနေအိမ် စုစုပေါင်း ၃၉၈ ဆောင်နဲ့ ပစ္စည်းဥစ္စာတွေလည်း မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့ အိမ်ထောင်စုပေါင်း ၃၇၉ စုနဲ့ လူပေါင်း ၁,၆၈၂ ယောက်ကို ရိက္ခာဆန် တပတ်စာ ထောက်ပံ့ပေးခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရရှိထားတဲ့ လူနာတွေကို ဆေးကုသပေးတာတွေ အပါအဝင် တခြား လိုအပ်ချက်တွေကိုလည်း ကြိုးစား ဖြည့်ဆည်းပေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသတွင်း ကူညီပေးနေသူ ကိုရဲနိုင်က “အခက်အခဲတွေကတော့ အများကြီးပါပဲ။ ပြန်တည်ဆောက်ဖို့ လွယ်မှမလွယ်တာ။ ဒါတွေကလည်း ရေရှည်သွားမှာဆိုတော့ အဆင်ပြေသလိုပဲ ဒီကာလမှာ နေနေရတဲ့ အနေအထားပါ။ နေစရာအိမ်တွေ မရှိတဲ့သူတွေက စစ်ဘေးရှောင်စခန်းနဲ့ ULA/AA က လုပ်ပေးထားတဲ့ နေရာတွေမှာ နေနေတာပါ။ စားနပ်ရိက္ခာလည်း လိုအပ်တယ်။ ဆေးဝါးတွေကလည်း ပြတ်လပ်နေတယ်။ ဒဏ်ရာရှိတဲ့သူတွေကိုလည်း ဒေသမှာကျန်ရှိနေတဲ့ ဆေးဝါးတွေနဲ့ပဲ ကုသပေးနေရတဲ့ အနေအထားပါ” လို့ ပြောပါတယ်။

လက်ရှိ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲတွေကြောင့် ဒေသတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၅၇၀,၀၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013