ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ်သေဆုံးမှု အယောက် ၇၀၀ နီးပါးရှိခဲ့ပြီး အဲဒီထဲက ၂၂၈ ယောက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကလေးငယ်တွေ သေဆုံးရတဲ့အကြောင်းအရင်းတွေထဲမှာ ၂၂၈ ဦးကတော့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာ အများဆုံးဖြစ်ပြီး ကလေးငယ် ၂၀၉ ဦးလောက်ဟာတော့ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးတာလို့ AAPP ရဲ့ စာရင်းပြုစုချက်တွေအရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်သေဆုံးမှုတွေဟာ ၂၀၂၁ ခုနှစ်မှာ ကလေးငယ် ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်မှာတော့ ၂၀၈ ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ ၂၄၈ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကလေးငယ်အရေအတွက် ၅၉၂ ဦးအထိ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။