Home
မြန်မာသတင်း
လွိုင်လင်လေးတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
January 10, 2025

ရှမ်း-ကယားနယ်စပ်၊ လွိုင်လင်လေးမြို့၊ အိုက်စမ်းရွာမှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ၁၂ နှစ် ကလေးငယ် ၂ ယောက် ပွဲချင်းသေဆုံးကာ လသား ကလေးငယ်တယောက်လည်း လက်ပြတ်ခဲ့သလို အသက် ၄၀ အရွယ် ရွာသားတယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ လွိုင်လင်အခြေစိုက် (၅၃၀) တပ်က ရည်ရွယ်ချက်ရှိရှိ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ၅ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ အိုက်စမ်းရွာနေ အမျိုးသားတယောက်က ပြောပါတယ်။

"တမင်ကိုပစ်တာ။ ကျေးရွာထဲ ဘယ်သူမှ မရှိဘူး။ ရွာသားပဲရှိတာ။ ကလေးငယ် နှစ်ဦးက ပွဲချင်းပဲသေသွားတယ်။ နေအိမ် ၅ လုံးလည်း ပျက်စီးသွားတယ်။ ခုဆို ရွာသားတွေ ရွာထဲမှာမနေရဲတော့ဘူး။”

အိုက်စမ်းရွာနဲ့ ၆ မိုင်သာဝေးတဲ့ ရှမ်း-ကယား နယ်စပ် ဆီဆိုင်မြို့နယ်  ရွှေတစ်ဂူကျေးရွာမှာရှိတဲ့  စစ်ကောင်စီ၊ PNO ပြည်သူ့စစ် စခန်း အသိမ်းခံရလို့ အခုလို လူနေကျေးရွာကို စစ်တပ်က ပစ်ခတ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဒေသခံတယောက်က  "ရွှေတစ်ဂူရွာနားက သူတို့ ဂိတ်စခန်း အသိမ်းခံရတယ်။ လက်နက်ကြီးနဲ့ ရွာထဲ မပစ်လာခင်ကတည်း အဲဘက်က လာတဲ့ သေနတ်သံတွေနဲ့ဆူညံနေတာပဲ နေလယ်ပိုင်းရောက်တော့ ရွာထဲ ပစ်ခတ်လာတာပေါ့ "လို့ပြောပါတယ်။

ဆီဆိုင်မြို့နယ် တဘက်အုပ်စုရွှေတဂူကျေးရွာမှာရှိတဲ့ စစ်ကောင်စီ PNO ပြည်သူ့စစ်စခန်းကို ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ပြီး PNO ပြည်သူ့စစ် ၃ ယောက် သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013