Home
မြန်မာသတင်း
ကန်ကျနပူရီတွင် ပွဲစားကစွန့်ပစ်ထားခဲ့သော မြန်မာလုပ်သား ၁၁ ဦး ဖမ်းဆီးခံရ 
DVB
·
January 21, 2025
Photo-ကျိုးချို ထိုင်းသတင်း

ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင်ထဲမှာ ဇန်နဝါရီ ၂၀ ရက်မှာ ပွဲစားက လမ်းဘေးစွန့်ပစ်ထားခဲ့တဲ့ တရားမဝင် မြန်မာ ၁၁ ဦး ဖမ်းဆီးခံရတယ်လို့ ကျိုးချို ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

 ကန်ကျနပူရီခရိုင် အဝေးပြေးလမ်းပေါ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့မနက်က  ဆိုင်းယို့ဒ် - ကန်ကျနပူရီသွားလမ်းမကြီးပေါ်မှာ ယာဉ်သွားယာဉ်လာတွေ စောင့်ကြပ်စစ်ဆေးနေစဉ် မီးခိုးရာင်ချက်ဗလက်ကားတစီး မောင်းဝင်လာခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အဆိုပါကားမှာ သာမန်အားဖြင့် လူ ၇ ဦးထက် ပိုပြီးတင်ဆောင်လို့ မရပေမဲ့ ကားပေါ် တင်လာတဲ့အလေးချိန်က ပိုနေဟန်ရှိတယ်၊ ဒါကြောင့် တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်တံ့ခိုင်းရာမှာ ကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်မောင်းထွက်သွားတယ်။ 

တာဝန်ရှိသူတွေက အနောက်ကကားနဲ့  လိုက်ဖမ်းရာမှာ အဆိုပါကားဟာ ချောင်ကြီု ချောင်ကြားထဲ မောင်းသွားတယ်၊ အဲဒီနောက် ကန်ကျနပူရီမြို့နယ် ကိုင်ဆင့်အုပ်စု ဘန့်နောင် ဆောင်တွန့်ရွာထဲ ထပ်ဝင်သွားတယ်၊ ရွာလမ်းမှာ အလွန်ကြမ်းတဲ့အပြင် ဖုံမှုန့်တွေပါ ထူထပ်နေတယ်၊  တနေရာအရောက်မှာ လမ်းဘေးက တာဘောင်ကို ဝင်တိုက်လိုက်သေးတယ်၊ အဲဒီနောက် တနေရာအရောက်မှာ ကားသမားက ကားရပ်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ 

အဲဒီကားကိုတာဝန်ရှိသူတွေက စစ်ဆေးရာမှာ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၁၁ ယောက်ကို တွေ့ရတယ်၊ မေးမြန်းချက်အရ သူတို့တွေဟာ မြန်မာပြည်ကဖြစ်ပြီး ထိုင်းမှာအလုပ်လာလုပ်ဖို့  တောလမ်းကနေ ဝင်လာကြတယ်၊ ပွဲစားကို တဦးလျှင် ဘတ် ၁၆,၀၀၀ စီပေးရမယ်၊ ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုထဲမှာ ကားမောင်းသမားက သူတို့ကိုလာကြိုတယ်၊   တနေရာရောက်တော့ ကားသမားက တံခါးဖွင့်ကာ ထွက်ပြေးသွားပြီး ဘာမှလည်းမသိ၊ ဘာသာစကားလည်းနားမည်တဲ့ သူတို့ကို ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်သွားတာလို့ ဆိုပါတယ် ။ 

တာဝန်ရှိသူတွေက သူတို့ကို လဝက ရုံးမှာ ခေါ်ယူထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူပြီးရင် နေရင်းအရပ် ပြန်ပို့မယ်လို့ ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013