ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆန်ပါတောင်းမြို့နယ်ထဲမှာ အသက် ၁၀ နှစ်ဝန်းကျင် နိုင်ငံမဲ့ ကလေး ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ပြီး ဗွီဒီယိုတွေရောင်းစားနေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတယောက်ကို ထိုင်းနိုင်ငံ ဆိုင်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဒီမတိုင်ခင်ရှေ့က ကလေးတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်နေတဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပေါက်ကြားလာပါတယ်။ အဆိုပါပုံကို Hug Project အမည်ရှိ ကလေးအခွင့်အရေးဆိုင်ရာ NGO အစိုးရမဟုတ်သော အဖွဲ့အစည်းတခုက တွေ့ရှိပြီး ဆိုင်ဘာရဲတပ်ဖွဲ့ထံ တိုင်ကြားတာကြောင့် စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့ ညွှန်မှူး ရဲမှူးကြီး တရိုင်းရုန်း ဖျူဖန်းက ၂၀၂၅ ဇန်နဝါရီ ၉ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါဗွီဒီယိုဖိုင်ဟာ တယ်လီဂရမ်ဂရုပ်တခုတည်းကနေ ဖြန့်ဝေကြောင်း သိရတဲ့အတွက် ဆိုင်ဘာရဲတပ်ဖွဲ့ဝင်တွေက အဖွဲ့ဝင်အယောင်ဆောင်ပြီး စုံစမ်းတယ်၊ Telegram Acc ထဲမှာ အဖွဲ့ဝင်ကြေး ဘတ် ၂၅၀ ပေးပြီးက ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျင့်ကြံတဲ့ ဗွီဒီယိုတွေ ကြည့်ရတယ်၊ လိုက်ဖ်လွှင့်တာ ကြည့်ချင်ရင် နောက်ထပ် ဘတ် ၁၀၀ ပိုပေးရတယ်လို့ ဆိုပါတယ်။
အက်ဒ်မင်မှာ အသက် ၂၇ နှစ်ရွယ်ရှိ စိုင်းသန်းဦး ဆိုသူ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ကျင့်ကြံခံရသူမှာ အသက် ၁၀ နှစ်အရွယ်နဲ့ ၁၃ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက် ဖြစ်တယ်၊ ၂ ယောက်လုံးက နိုင်ငံမဲ့ကလေးတွေလို့ ဆိုပါတယ်။
ဆက်လက်စုံစမ်းချက်အရ စိုင်းသန်းဦးမှာ ချင်းမိုင်ခရိုင်၊ ဆန်ပါတောင်းမြို့၊ ယုဝါရပ်ကွက်တွင်း နေထိုင်ကြောင်း သိရှိရတာကြောင့် ချင်းမိုင်ခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် နေ့က သွားရောက်ဖမ်းဆီးခဲ့တယ်၊ တရားခံက ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျင့်ကြံခဲ့ကြောင်း ဝန်ခံပြီး သက်သေအဖြစ် သူ့ရဲ့ဖုန်းထဲကနေ ဗွီဒီယိုကလစ်ပေါင်း ၁,၉၁၉ ခုကို တွေ့ရှိခဲ့တယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။
ဆိုင်ဘာရဲတပ်ဖွဲ့က စိုင်းသန်းဦးကို မိမိဇနီးမယားမဟုတ်သော အသက် ၁၃ နှစ်အောက် ကလေးငယ်အား အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာကျင့်ကြံမှု၊ ကလေးသူငယ်များအား လူကုန်ကူးမှု၊ ကွန်ပြူတာဥပဒေ စတဲ့ပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ တနှစ်အတွင်း ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး အွန်လိုင်းပေါ် ဖြန့်ဝေမှုပေါင်း ၃၄၆ မှုရှိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲချုပ် ဆေရီဝပ် ဒီဖောက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် ထိုင်းကလေးများနေ့ အမှာစကားမှာ ထည့်သွင်းပြောကြားပါတယ်။
“ဒီနေ့ခေတ်မှာ ကလေးတွေဟာ တယ်လီဖုန်းတွေ၊ တက်ပလက်တွေနဲ့ အွန်လိုင်း အင်တာနက် သုံးကြတယ်၊ သူတို့ဟာ အမှားအမှန်ကို ဆင်ခြင်နိုင်စွမ်း မရှိသေးဘူး၊ ဒါကြောင့် မသမာသူတွေက ကလေးတွေကို ဂိမ်းဆော့ကစားတာ၊ ကစားစရာတွေနဲ့ မြှူဆွယ်ပြီး ငွေလိမ်ယူတာရှိတယ်၊ ကလေးကို အပြင်မှာ ခေါ်တွေ့တယ်၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုပြီး ဓာတ်ပုံဗွီဒီယိုရိုက်တယ်၊ အဲဒီပုံတွေနဲ့ မိဘအုပ်ထိန်းသူထံ ငွေပြန်ညှစ်တာ၊ ဖြန့်ဝေတာတွေရှိတယ်။ ဒါကြောင့် မိဘအုပ်ထိန်းသူတွေ မိမိကလေးကို တယ်လီဖုန်း အင်တာနက်ကို အကန့်အသတ်နဲ့ ခွင့်ပြုဖို့၊ ဖြစ်နိုင်ရင် ကလေးတွေ အင်တာနက်အသုံးပြုစဉ် မိဘက အနီးမှာရှိနေဖို့၊ အွန်လိုင်းဆိုင်ရာ လိမ်လည်မှုအကြောင်း ကလေးတွေနားလည်အောင် ရှင်းပြဖို့” ဒုရဲချုပ်က တိုက်တွန်းသွားပါတယ်။
ကိုးကား - matichon / ThaiPBS News / PoliceTV