Home
မြန်မာသတင်း
လာအိုနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၆၀၀၀၀ ခန့် ရှိ
DVB
·
January 10, 2025

လာအိုနိူင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၆၀၀၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။ 

ဦးမြင့်နောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONG တို့ ဇန်နဝါရီ ၉ ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး အဲဒီနိုင်ငံရောက် မြန်မာလုပ်သားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

လာအိုနိုင်ငံဆီ ရွှေ့ပြောင်းလုပ်ကိုင်မှုများရှိရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀,၀၀၀ နီးပါးရှိပြီး အဲဒီအထောက်အထားမဲ့ မြန်မာနိုင်ငံသား​တွေအတွက် ဝန်ကြီးဌာန​တွေပူးပေါင်းပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို e-ID စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ဒါ့အ​ပြင် လာအိုနိုင်ငံနဲ့ အလုပ်သမားရေးရာကဏ္ဍတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

လာအိုနိုင်ငံမှာ မြန်မာနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေသလို လုပ်ခလစာမှာလည်း ပိုများတာကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ ရွှေ့ပြောင်းလုပ်ကိုင်မူတွေ များလာတာလို့ အဲဒီနိုင်ငံရောက် မြန်မာ လုပ်သားတွေက ဆိုပါတယ်။ 

အဲဒီနိုင်ငံမှာ လုပ်သားစျေးကွက်ရှိလာတာကြောင့် ပြီးခဲ့တဲ့နှစ်ကစလို့ အေဂျင်စီတွေကနေ တရားဝင် စေလွှတ်တာတွေရှိပေမဲ့ ဒီ့မတိုင်ခင်ကတည်းက တရားမဝင် သွားရောက် လုပ်ကိုင်နေကြတာလို့ လာအိုရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

“တရားမဝင် သွားတဲ့လမ်းကြောင်းကရှိနေတာကြာပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း၊ စစ်မူထမ်းဥပဒေ စကျင့်သုံးလိုက်တဲ့အချိန်ကစပြီး အောက်လမ်းက ထွက်တာတွေ များလာတယ်။ အချို့ဆို ရောက်ပြီးမှ အလုပ်မရလို့ သောင်တင်နေကြတာလည်းအများကြီး။” 

အဲဒီလို တရားမဝင် သွားရောက်လုပ်ကိုင်သူတွေကို ရှာဖွေဖမ်းဆီးတာတွေရှိလို့ သတိထားလုပ်ကိုင်နေကြရတယ်လို့ လည်း မြန်မာလုပ်သားတွေက ဆိုပါတယ်။ 

စစ်ကောင်စီအနေနဲ့ မြန်မာ-လာအို နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၄ ခု အောက်တိုဘာက လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ အေဂျင်စီတွေကတဆင့် စေလွှတ်တာတွေ ဆက်တိုက်ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013