Home
မြန်မာသတင်း
နေပြည်တော်တွင် ၄ နှစ်အရွယ်သမီးကို မိခင်က သတ်ပြီး ဆွဲကြိုးချသေဆုံး
DVB
·
January 21, 2025
Photo-ကရုဏာရှင် လူမှုကူညီရေးအသင်း၊ ဇေယျာသီရိမြို့နယ်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ ရွာသစ်ကျေးရွာ၊ ရေဆင်းနယ်‌မြေ ရဲစခန်းအပိုင်ထဲမှာ ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က အိမ်တအိမ်တည်းမှာ သားအမိ ၂ ယောက် သေဆုံးနေတာ တွေ့ခဲ့ရပြီး သက်ဆိုင်ရာခွင့်ပြုချက်နဲ့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူ ၂ ယောက်စလုံးရဲ့ ရုပ်အလောင်းတွေကို ဆွေမျိုးတော်စပ်သူ အမျိုးသမီးတယောက်က နေ့လယ် ၁၁ နာရီခွဲလောက်မှာ အရင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ဒေါ်သိန်းမူက သွပ်မိုးထရံကာအိမ်ရဲ့ ထုပ်တန်းမှာ ဆွဲကြိုးချသေဆုံးနေသလို သမီးတော်စပ်သူ အသက် ၄ နှစ်အရွယ် မသီရိဇော်ဟာလည်း အိပ်ရာပေါ်မှာပဲ လည်ပင်းနဲ့ဗိုက် ထိုးသွင်းဒဏ်ရာတချက်စီနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။

မြို့ခံတယောက်က “ဆုံးသွားတဲ့ ကလေးမလေးရဲ့ အ‌မေနဲ့ အဘွားက စိတ်‌ကျန်းမာ‌ရေး မကောင်းဘူး။ သူ့အမေကတော့ ပလတ်စတစ်ကြိုးနဲ့ပဲ ဆွဲကြိုးချအနေအထား သေနေတာ တွေ့ရတယ်။ ကလေးမလေးက အိပ်ရာပေါ်မှာ။ ပိုင်ရှင်မဲ့အလောင်းတော့ မဟုတ်ဘူး။ ‌မိသားစုဝင်တွေတော့ ရှိကြသေးတယ်” လို့ ပြောပါတယ်။

အဆိုပါအိမ်မှာ သေဆုံးသူရဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်တော်စပ်သူ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတယောက်၊ စိတ်ကျန်းမာ‌ရေးမကောင်းတဲ့ သေဆုံးသူ အမျိုးသမီး တယောက်နဲ့ သေဆုံး မိန်းကလေးတယောက် စုစုပေါင်း ၃ ယောက်တည်း နေထိုင်ကြတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာအဖွဲ့ရဲ့ စစ်ဆေးချက်အရ မိခင်ဒေါ်သိန်းမူ ကိုယ်တိုင်က ဆွဲကြိုးချသတ်မသေခင် သူ့သမီး မသီရိဇော်ကို အိမ်သုံးဓားနဲ့ အရင်ထိုးသတ်ခဲ့တယ်လို့ သိရပြီး ရုပ်အလောင်း ၂ ခုကို နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံကြီးကို အရပ်ဘက်ကယ်ဆယ်ရေးအသင်းယာဉ်က ပို့ဆောင်ပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013