Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောများကို AA ပြန်လွှတ်ပေး
DVB
·
January 21, 2025
Photo : Bangla Tribune၊ The Daily Star

ရန်ကုန်မြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ဖ်ဆိမ်ကမ်းကို လာတဲ့ ကုန်တင်သင်္ဘောတွေကို အာရက္ခတပ်တော် (AA) က ထိန်းသိမ်းခဲ့ပြီး ၄ ရက်အကြာ ဇန်နဝါရီ ၂၀ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ရေးသားပါတယ်။

ရန်ကုန်ကလာတဲ့ အဲဒီကုန်တင်သင်္ဘော ၃ စီးအနက် ၂ စီးကို ဇန်နဝါရီ ၂၀ ရက်မှာ အာရက္ခတပ်တော်က ပြန်လွှတ်ပေးလိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်ဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ သင်္ဘောတွေဟာ ဇန်နဝါရီ ၁၆ ရက်က နတ်မြစ်ဝ ရခိုင်ရေပိုင်နက်အတွင်းမှာ အာရက္ခတပ်တော်က ထိန်းသိမ်းခဲ့တာဖြစ်ပြီး ၄ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာပါ။

လွတ်လာတဲ့ သင်္ဘော ၂ စင်းဟာ ဇန်နဝါရီ ၁၀ ရက် မနက် ၁၀ နာရီမှာ နတ်မြစ်နယ်နိမိတ်အတွင်းက ထွက်ခွာလာပြီး ကျန်တစင်းဟာ အာရက္ခတပ်တော်က ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လွှတ်ပေးလိုက်တဲ့ သင်္ဘော ၂ စီးဟာ တက္ကနက်ဖ်ဆိပ်ကမ်းကို ရောက်ရှိနေပြီလို့ ဆိပ်ကမ်းအာဏာပိုင်ဖြစ်တဲ့ United Land Port မန်နေဂျာ ဆာယက်ဒ်မိုဟာမက်အန်ဝါဟော့စ်စိန်က အတည်ပြုထားပါတယ်။

ကျန်ရှိနေသေးတဲ့ တစင်းကိုလည်း မကြာခင်မှာ အသေးစိတ် ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။

အာရက္ခတပ်တော် ထိန်းသိမ်းခဲ့တဲ့ သင်္ဘော ၃ စီးဟာ ငါးခြောက်၊ ကွမ်းသီးနဲ့ ကော်ဖီ အပါအဝင် ကုန်ပစ္စည်းမျိုးစုံ အိတ်ပေါင်း ၅၀,၀၀၀ နီးပါး တင်ဆောင်လာကြတာဖြစ်ပြီး နတ်မြစ်ဝမှာ ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် ရန်ကုန်ကပို့ဆောင်တဲ့ ကုန်သင်္ဘောတွေဟာ တလကျော်ကြာ ကုန်စည်ပို့ဆောင်ခြင်းမရှိဘဲ ရပ်တန့်နေရာက ပထမဆုံးအကြိမ် ပို့ဆောင်လာတာ ဖြစ်ပါတယ်။

Ref: Dhaka Tribune

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013