ရန်ကုန်၊ အင်းလျားကန်ထဲမှာ ဇန်နဝါရီ ၁၉ ရက်က တေးသံရှင် အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မနေ့ မနက် ၈ နာရီလောက်က အင်းလျားကန်ရေပြင်၊ တံတားဖြူဘက်မှာ တေးသံရှင် အသက် ၃၉ နှစ်အရွယ် ကောင်းမြင့်စံ(ခ)သိန်းစံရဲ့ ရုပ်အလောင်းကို မှောက်လျက်အနေအထား သေဆုံးနေတာကို အားကစားလာလုပ်သူတွေက တွေ့ရှိခဲ့လို့ သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ရုပ်အလောင်းကို မိသားစုဝင်တယောက်က လာရောက်စစ်ဆေး အတည်ပြုခဲ့ပြီး သေဆုံးသူ တေးသံရှင်ဟာ လှိုင်မြို့နယ် နေအိမ်ကနေ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းက ထွက်သွားခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့ရောက်တော့ DB (ရုပ်အလောင်း)လည်း တင်သွားကြပြီ။ ကိုစုဗူး(ကောင်းမြတ်စံ) လို့ ပြောတယ်။ သူ့အမေတော့ ရောက်လာတယ်။ အိမ်က ၂ ရက်လောက် ပျောက်သွားပြီးမှ ဒီကန်ထဲမှာ ပြန်တွေ့တာ” လို့ ပြောပါတယ်။
တေးသံရှင် ကောင်းမြတ်စံဟာ ရှမ်းအဆိုတော်ကြီး စိုင်းဆိုင်မော့ဝ်ရဲ့ နာမည်ကျော် သီချင်းတွေဖြစ်တဲ့ ရှမ်းပဲပုတ်လေးကျနော်၊ ရိုးရာမပျက်တဲ့မြေ စတဲ့သီချင်းတွေကို ပြန်ဆိုထားသလို ကိုယ်ပိုင်သီချင်းတွေလည်း သီဆိုခဲ့သူတယောက် ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ရုပ်အလောင်းကို မြောက်ဥက္ကလာ မေဓာဝီဆေးရုံ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားပြီး ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၃ နာရီ ထိန်ပင်သုသာန်မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ရုံးညောင်ပင်စက်လှေဆိပ်မှာလည်း ဇန်နဝါရီ ၁၉ ရက်၊ နေ့လယ် ၁ နာရီလောက်က ဧရာဝတီမြစ်ထဲ ရေကူးနေတဲ့ လူငယ် ၃ ယောက်အနက် တယောက် ရေနစ် သေဆုံးသွားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကလေးတွေ အချင်းချင်း ရေငုပ်ပြိုင်ရင်း ဒီကလေးက ရေနစ် သေဆုံးပါ။ အသက် ၁၃ နှစ်။ သူ နစ်သွားတယ်ဆိုတဲ့ ဒီဇက်ဆိပ်နားကိုပဲ ပိုက်တွေ ထိုး၊ စက်လှေနဲ့ ရှာကြတာ။ ညနေပိုင်းမှာ ပြန်တွေ့ပါတယ်။ မိသားစုဝင်တွေ သိထားပါတယ်” လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ ညောင်ဦး၊ တက်သိမ်း(မ)ရပ်၊ အမှတ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ ၆ တန်းကျောင်းသား အသက် ၁၃ နှစ်အရွယ် မောင်ခန့်ခန့်ဦး ဖြစ်ပါတယ်။
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်အဖွဲ့တွေ ဝိုင်းရှာတာကြောင့် ညနေ ၄ နာရီ မိနစ် ၅၀ မှာ ရုပ်အလောင်းဆယ်ယူနိုင်ခဲ့ပြီး ကရုဏာရှင် နာရေးကူညီမှုအသင်းယာဥ်နဲ့ ညောင်ဦးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။
Photo : လူမှုကူညီရေးအသင်းများ