
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဇန်နဝါရီ ၁၈ ရက်က လောင်စာဆီတင်တဲ့ ကားတစီး တိမ်းမှောက်ပြီး လောင်စာဆီတွေ ဖိတ်စဉ်ပေါက်ကွဲခဲ့လို့ လူ အယောက် ၆၀ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖယ်ဒရယ်လမ်းများ ဘေးကင်းရေးတပ်ဖွဲ့ (FRSC) က ပြောပါတယ်။
သေဆုံးသူအများစုဟာ ကုန်တင်ကားမှောက်ပြီးတဲ့နောက် ဖိတ်စဉ်နေတဲ့ ဓာတ်ဆီတွေကို အမြန်ထုတ်ယူခဲ့ကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေ ဖြစ်တယ်လို့ ပြည်နယ် တာဝန်ရှိသူက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ အာဖရိကရဲ့ လူဦးရေအများဆုံး နိုင်ငံအတွင်း အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးတခုလည်း ဖြစ်ခဲ့ပါတယ်။
ခုလို မတော်တဆမှုတွေဟာ အာဖရိကရဲ့ အကြီးဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံတွေမှာ အဖြစ်များလာ နေနေပြီး အောက်တိုဘာလတုန်းကလည်း နိုင်ဂျီးရီးယားမြောက်ပိုင်းက နိုင်ဂျာပြည်နယ်မှာ အလားတူ ပေါက်ကွဲမှုကြောင့် လူ ၁၄၇ ဦး သေဆုံးခဲ့ဖူးပါတယ်။
မျိုးဆက်တခုအတွင်း အဆိုးရွားဆုံး လူနေမှုစရိတ်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ဂျီးရီးယားနိုင်ငံအတွင်း အလားတူဖြစ်ရပ်တွေနဲ့ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူဟာ ၂၀၂၃ ခုနှစ် မေလ အာဏာရလာချိန်မှာ ဆယ်စုနှစ်များစွာကြာနေပြီ ဖြစ်တဲ့ ထောက်ပံ့ကြေးစနစ်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် နိုင်ဂျီးရီးယားနိုင်ငံမှာ ဓာတ်ဆီဈေးနှုန်းက ၄၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။
Source: Reuters