ချင်းညီနောင်တပ်တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်းရှိ ဒေသခံ ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် ရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ မင်းတပ် ပအဖထံက သိရပါတယ်။
မင်းတပ်မြို့အတွင်း ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး၊ ချုံနွယ်ပိတ်ပေါင်း၊ အမှိုက်သန့်ရှင်းရေး၊ ရေသွယ်ယူရေး စတာတွေ ပြန်လည်ဆောင်ရွက်နေပြီး မကြာခင်အချိန်မှာ မင်းတပ်မြို့ခံတွေအနေနဲ့ ပြန်လည်နေထိုင်နိုင်တော့မယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က DVB ကို ပြောပါတယ်။
“သိပ်မကြာခင် နောက်လအတွင်းမှာ ပြီးစီးမယ်လို့ ထင်ပါတယ်။ အဓိက မိုင်းရှင်းရတာပါ။ လွယ်လွယ်နဲ့ မပြီးစီးနိုင်သေးဘူး။ မင်းတပ်မြို့ပေါ်မှာ လက်ရှိ အဓိကရှင်းလင်းနေရတာက၊ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေဖြစ်သလို စစ်ကောင်စီက ကြဲချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ပေါင် ၅၀၀ ဗုံး၊ မပေါက်ကွဲသေးတဲ့ ကလပ်စတာဗုံးသီးတွေဖြစ်တယ်” လို့ ပြောပါတယ်။
ပြည်သူတွေ မင်းတပ်မြို့ပေါ်ကို ပြန်လည်နေထိုင်ချိန်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မင်းတပ်ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားတာ ၃ နှစ်နီးပါးရှိတော့မှာဖြစ်တဲ့အတွက် နယ်ဘက်နေ မြို့ပေါ်မှာရုံးစိုက်ကာ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ဆလိုင်းယောမာန်က“ကျနော်တို့ ပြည်သူ့ရဲတပ်ဖွဲ့ ရှိနေပြီး လည်ပတ်နေတာကြာပါပြီ။ ၃ နှစ် နီးပါး ရှိပါတော့မယ်။ တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရေးကိစ္စတွေကို လည်ပတ်လုပ်ဆောင်နေတာလည်း ၃ နှစ်နီးပါး ရှိပြီဆိုတော့ နယ်မှာ လည်ပတ်နေတာကို မြို့ပေါ်မှာ ရုံးစိုက် ပြောင်းရွှေ့လိုက်ရုံပါပဲ” လို့ ပြောပါတယ်။
ပြည်သူတွေ ပြန်လည်နေထိုင်ချိန်မှာလည်း ညအချိန် အသွားအလာ ပြုလုပ်တာတွေကို ကန့်သတ်ဖို့ရှိပြီး အရက်သေစာသောက်စားတာနဲ့ အခြားအချက်တွေကို အချိန် အတိုင်းအတာတခုအထိ ကန့်သတ်ဖို့ရှိတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ရာ ရက်ပေါင်း ၄၀ အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီး ရမိခဲ့ပါတယ်။