မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်းကို ပရီးမီးယားလိဂ်သမိုင်းတလျှောက် စံချိန်တင် ၁၀ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
အသက် ၂၄ နှစ်ရှိ နော်ဝေတိုက်စစ်မှူးအနေနဲ့ ၂၀၃၄ ခုနှစ်၊ သူ့အသက် ၃၄ နှစ်အရွယ်အထိ မန်စီးတီးမှာ ဆက်ရှိတော့မှာပါ။
နှစ်ရှည်စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ အလွန်ပျော်ရွှင်မိသလို ဂုဏ်ယူစရာလည်း ကောင်းကြောင်း၊ ကာလရှည်ကြာတဲ့အထိ ဆက်ရှိနေမှာဖြစ်လို့ အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့ကိုသာ အာရုံစိုက်နိုင်ပြီ ဖြစ်ကြောင်း ဟာလန်းက ပြောပါတယ်။
ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးက ကိုးလ်ပါလ်မာကို ၉ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုထားတာက အများဆုံးဖြစ်ပြီး ဟာလန်းက ၁၀ နှစ်သက်တမ်းတိုးစာချုပ်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဟာလန်းဟာ ၂၀၂၂ ခုနှစ်က ဒေါ့မွန်ကနေ ပေါင် ၅၁ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး မန်စီးတီးနဲ့ ၁၂၆ ပွဲကစားအပြီးမှာ ၁၁၁ ဂိုးအထိ သွင်းယူထား ပါတယ်။
Photo: Reuters