Home
မြန်မာသတင်း
စစ်ကောင်စီအား လေယာဉ်ဆီထောက်ပံ့သည့် ကုမ္ပဏီများကို အရေးယူရန် တောင်းဆို
DVB
·
January 16, 2025
Photo-Blood Money

အာဏာသိမ်းကာလ ၄ နှစ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း ၃၀၀၀ နီးပါး ပြုလုပ်ခဲ့ပြီး လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့  နိုင်ငံတကာ ကုမ္ပဏီတွေကို အရေးယူမှုတွေလုပ်ဆောင်ဖို့  အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းကာလ ၄ နှစ်နီးပါးရှိလာပြီး နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်နေတဲ့အတွက် စစ်ဆင်ရေးတွေနဲ့ အရပ်သားတွေအပေါ်မှာ လေကြောင်းကိုသာ အဓိကအသုံးပြုပြီးတိုက်ခိုက်နေတာပါ။

ပြည်သူတွေ အများအပြားစုဝေးတဲ့ ဈေး၊ အလှူအတန်း၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ ပညာရေး၊ ကျန်းမာ‌ရေး အပါအဝင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်‌ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့  စစ်ဘေးရှောင်ပြည်သူ ၃ ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

IEC   အထွေထွေအတွင်း‌ရေးမှူး ဗညားခွန်အောင်က “အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေက အရမ်းများလာတော့ တော်တော်လေးကိုစိုးရိမ်ရတယ်၊ ရွာတွေ စခန်းတွေမှာ အိပ်ဖို့ကို စိုးရိမ်ရတယ်။ လူတွေမှာဆိုးဆိုးရွားရွားဖြစ်တာပေါ့လေ။ တယောက်ချင်းဆီရဲ့ နစ္စဓူဝဘဝ လုံခြုံမှုကို ထိခိုက်သလို ခံစားရတယ်။ လူထုတွေရဲ့ ပုံမှန်ရှာဖွေ စားသောက်တာတွေက စိန်ခေါ်မှုတွေပိုများလာတယ်။ မလုံမခြုံတွေ ပိုပိုဖြစ်လာတာတော့ တော်တော်လေးကို ခံစားနေရတယ်။ လူမှုစီးပွားရေးကို ပျက်စီးစေတယ်။ လူထုတွေခဏခဏပြောင်းရွေ့ရတယ်ဆိုတာက စစ်‌ရှောင်တွေရဲ့ အခက်အခဲတွေပိုဖြစ်လာတယ်။ နေရာတွေအိမ်တွေ ခဏခဏရွေ့တော့ ကုန်ကျစရိတ်တွေများတာပေ့ါနော်။ ကလေးတွေရဲ့ပညာရေး ကျန်းမာ‌ရေးလည်းအများကြီးထိခိုက်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ ပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ AA ထိန်းချုပ်ရာ ကျောက်တော်မြိုပေါ်က ရပ်ကွက်နဲ့ ဈေးအပါအဝင် လူနေထူထပ်တဲ့ နေရာတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ULA/AA ရဲ့ ဗဟိုအကောက်ခွန်ဌာနမှူး ဦးဝိုင်းမောင် အပါအဝင် ဒေသခံ ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ရပါတယ်။

ကျောက်တော်မြို့ခံတယောက်က “စကစကနေပြီး လူနေထူထပ်တဲ့နေရာတွေ ဈေးတွေကိုပေါ့၊ ပြည်သူတွေကို အဓိကထားပြီး လာရောက်ပစ်ခတ်တာတွေရှိပါတယ်။ ပြည်သူတွေမှာတော့ လေယာဉ်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာ ရှောင်ဖို့ရှားဖို့နေရာက အင်မတန်နည်းပါတယ်။ လေယာဉ်လာမှာတော့ အရမ်းကိုစိုးရိမ်ရတဲ့အခြေအနေပါ။ အခုဆိုရင် ကလေးတွေဆို အရင်တုန်းကဆို လေယာဉ်လာရင် ကြည့်ကြတယ် အော်ကြတယ်။ ပျော်ပျော်ရွှင်ရွှင်ပဲ ခုဆိုရင်လေယာဉ်လာရင် ကလေးတွေကအစ ပြေးကြတဲ့ ပုံစံမျိုးတွေဖြစ်နေတယ်ဗျ”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အရပ်ဘက်လေကြောင်းလိုင်းတွေက လေယာဉ်ဆီတွေကို အဓိကထား အသုံးပြုကာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သွေးစွန်းငွေအဖွဲ့ရဲ့ ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာပါရှိပါတယ်။

နိုင်ငံတကာရဲ့ လေယာဉ်ဆီပိတ်ဆို့မှုတွေဟာလည်း မြန်မာပြည်တွင်းက ကုမ္ပဏီတွေကိုသာ ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်နိုင်ပြီး နိုင်ငံတကာကုမ္ပဏီတွေကိုပိတ်ဆို့မှု မပြုလုပ်နိုင်သေးတဲ့ အတွက် စစ်ကောင်စီဟာ လေယာဉ်ဆီ လေယာဉ်အစိတ်အပိုင်းနဲ့  နည်းပညာဆိုင်ရာ ပြောင်းပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေ ဆက်လက်ရရှိနေတယ်လို့ဆိုပါတယ်။

သွေးစွန်း‌ငွေလှုပ်ရှားမှု တာဝန်ရှိသူ ဆူဇီက “စစ်အုပ်စုနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကိုပါ စောင့်ကြည့်အရေးယူရမယ်။ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းကို ပိတ်ဆို့ အရေးယူတာတွေလုပ်ရမယ်။ ဘာလို့ဆို မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းကနေတဆင့် စစ်အုပ်စုက လေယာဉ်ဆီတွေကို ဝယ်ယူတယ် ပြီးရင်ဖြန့်ဝေတယ်။ သိုလှောင်တာတွေကိုလုပ်တယ်၊ လေယာဉ်ဆီတွေ စစ်အုပ်စုစီကို စီးဆင်းနေတဲ့ ကွင်းဆက်တခုလုံးမှာပါနေတဲ့ ကုမ္ပဏီတွေ အစိုးရတွေကိုပါ စုံစမ်းစိစစ်ကြပ်မတ်ရမယ်ပေါ့နော်။ စစ်အုပ်စုစီ လေယာဉ်ဆီမရောက်ရင် တိုက်လေယာဉ်တွေ မပျံသန်းရင် ပြည်သူတွေအပေါ်လည်း ဗုံးကြဲချလို့မရတော့ဘူး‌ပေါ့”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းစကနေ ၂၀၂၅ ခု ဇန်နဝါရီ ၉ ရက်အထိ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း ၃၀၀၀ နီးပြုလုပ်ခဲ့ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၂၅၉ ယောက်သေဆုံးခဲ့ရတယ်လို့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရာနေရာများနှင့်  အထောက်အထားများ မှတ်တမ်းပြုစုရေးအဖွဲ့ (ACLED)ရဲ့ စာရင်းတွေအရ သိပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013