Home
မြန်မာသတင်း
နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေသည့် ဖေ့စ်ဘွတ်ခ် များကို အရေးယူ
DVB
·
January 15, 2025

နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေတဲ့ ဖေ့စ်ဘွတ်ခ်  Group တွေ၊ Page တွေနဲ့ လူတွေကို အရေးယူနိုင်ဖို့ စိစစ်နေတယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိကာလမှာလည်း ငွေလွှဲလုပ်ငန်း ကျော်စောသတင်းရှိသူတွေကို အရေးယူနေတာကြောင့် သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ ၂၆ ယောက်ကို စိစစ်ရာမှာ ရဲတပ်ဖွဲ့က လူ ၉ ယောက်ကို အမှုဖွင့်အရေးယူထားပြီး ၆ ယောက်ကိုတော့ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုတင်ပို့ထားတယ်လို့ ဖော်ပြထားပါတယ်။

ဟွန်ဒီငွေလွှဲလုပ်ငန်းလုပ်တယ်လို့ ကျော်စောသတင်း ပေါ်ပေါက်သူတွေကို စစ်ဆေးမေးမြန်းတာအပြင် သူတို့ရဲ့ ဘဏ်စာရင်းတွေနဲ့ ဘဏ်စနစ်ကို သုံးပြီး ငွေလွှဲပြောင်းတာတွေကို စိစစ် အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်တာတွေ လုပ်နေတဲ့ ဖေ့စ်ဘွတ်ခ် Group တွေ၊ Page တွေနဲ့ လူတွေကို အရေးယူနိုင်ဖို့ စိစစ်ဖော်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ် Group  ၁၂ ခုကို ဖော်ပြထားပြီး Gold Price Ygn (ဒေါ်လာ/ရွှေကုန်သည်များဂရု)၊ နေ့စဉ် ရွှေဈေး၊ ငွေဈေး၊ USD Exchange Myanmar Public Group၊ Daily Exchange Rates For Myanmar (USD/SGD/EURO/AUD/BAHT)၊ Singapore-Myanmar၊ Thai TH MyanmarMM Currency၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများ၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ၊ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း (Currency Exchange)၊ ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ၊ ရေနံ၊ စတော့ရှယ်ယာနှင့် နိုင်ငံတကာငွေကြေးဈေး၊ ရွှေဈေး၊ ငွေဈေး၊ ဒေါ်လာဈေး ($5)၊ ဂျပန်၊ မြန်မာ ငွေလွှဲ/ငွေပို့ဝန်ဆောင်မှု  တို့ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် Page တွေကတော့ ရွှေဈေး ငွေဈေး၊ ရွှေဈေး၊ အခေါက်ရွှေဈေး၊ MC Exchange၊  Golden Myanmar တို့ဖြစ်ပြီး လူ ၁၀ ယောက်ကိုလည်း မှတ်ပုံတင်နံပါတ်၊ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နာမည်နဲ့တွဲပြီး ဖော်ပြထားပါတယ်။

ပြင်ပမှာ ဒေါ်လာဈေးတက်လာနေချိန် ဗဟိုဘဏ်က အခုလို ထုတ်ပြန်လာတာဖြစ်ပြီး သူတို့အနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့၊ ဈေးကစားတာတွေ မဖြစ်စေဖို့အတွက် သွင်းကုန် လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform ကတဆင့် ရောင်းပေးတာ၊ နိုင်ငံခြားမှာ ဆေးကုသတာ၊ ပညာတော်သင်သွားတာ၊ ဘုရားဖူးသွားတာနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ထွက်ခွာမယ့်သူတွေအတွက် အသေးသုံးနိုင်ငံခြားငွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲကောင်တာတွေမှာ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024