စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေကြေးဈေးကွက်ထဲ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းပေးနေပြီး အခုအခါမှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမယ် ထုတ်ပြန်လာပါတယ်။
ဒါပေမဲ့ ရောင်းချမယ့် နိုင်ငံခြားငွေတွေကို ဘယ်ငွေလဲနှုန်းနဲ့ ရောင်းချမယ်ဆိုတာတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
အခုအခါမှာ ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးနှုန်းဟာ တဒေါ်လာ ၄၅၄၀ ကျပ်ကနေ ၄၆၂၀ ကျပ်အတွင်းရှိနေပြီး တက်ရိပ်ပြနေပါတယ်။
အခုလက်ရှိ ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ အမေရိကန်ဒါ်လာ ၅၆ သန်း ထုတ်ရောင်းထားတဲ့အကြားက အခုလို တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၃ရက်မှာ တဒေါ်လာ ၄၄၃၀ ကျပ်ဖြစ်နေခဲ့တဲ့ ဒေါ်လာဈေးဟာ ဒီနေ့မှာတော့ ၄၆၂၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။
အလားတူပဲ ရွှေဈေးကလည်း အခေါက်ရွှေ တကျပ်သားကို ၆၂ သိန်းဝန်းကျင်ရှိခဲ့ရာကနေ အခုအခါမှာ တကျပ်သား ၆၅ သိန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုအပြီး ရွှေဈေးတက်ရိပ်ပြနေတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်တဲ့ ရွှေရည်ညွှန်းဈေးနဲ့အညီ ရောင်းချစေတဲ့ နည်းလမ်းကို ကျင့်သုံးခဲ့ပါတယ်။
ဒီနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်တဲ့ အခေါက်ရွှေဈေးက ကျပ် ၅၄၀၀,၀၀၀ ဖြစ်ပြီး ပြင်ပဈေးနဲ့ နှိုင်းယှဉ်ရင် ၁၁ သိန်းဝန်းကျင် ဈေးကွာဟချက်ရှိနေပါတယ်။