Home
နိုင်ငံတကာ
ကွန်ဂိုတွင် တရားမဝင် သတ္တုတူးဖော်မှုဖြင့် တရုတ်နိုင်ငံသား ၃ ဦးကို ထောင် ၇ နှစ်ချ
DVB
·
January 16, 2025
Photo : Reuters

ရွှေချောင်းတွေနဲ့ ဒေါ်လာ ၄၀၀,၀၀၀ လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရတဲ့ တရုတ်နိုင်ငံသား ၃ ယောက်ကို ကွန်ဂိုတရားရုံးတရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။

လက်လုပ်လက်စား သတ္တုတူးဖော်ရေးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရားမဝင် လှုပ်ရှားမှုတွေ ကျူးလွန်ထားကြောင်း တွေ့ရှိပြီးတဲ့နောက် တရုတ် ၃ ယောက် ပြစ်ဒဏ်စီရင်ခံရတာပါ။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံအရှေ့ဘက်မှာ အဖိုးတန်နဲ့ မဟာဗျူဟာမြောက် တွင်းထွက်ပစ္စည်းတွေကို လိုင်စင်မဲ့ ထုတ်ယူမှုကို နှိမ်နင်းဖို့ နောက်ဆုံးတွန်းအားပေးတဲ့ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် တရုတ်နိုင်ငံသား ၃ ယောက် ပထမဆုံး တရားစီရင်ခံရတာပါ။

ဒါဟာ တရုတ်နိုင်ငံကနေ ထွက်လာပြီး ခီတူတူ၊ ခီဘေ၊ လူဂူရွှာ၊ ခါမီတူဂါ ဒါမှမဟုတ် အမ်ဝမ်ဂါ ဒေသတွေကို ရောက်လာပြီး ဟိုတယ်ခတောင်မပေးဘဲ ကိုယ့်အိမ်ခန်းမှာလို ပြုမူဆောင်ရွက်နိုင်မယ်လို့ ထင်နေတဲ့ တရုတ်နိုင်ငံသားအားလုံးအတွက် နိုးကြားသွားအောင် တပ်လှန့်လိုက်တဲ့ ပညာပေးတဲ့ တရားစီရင်ချက် ဖြစ်တယ်လို့ ဒေသခံလူထုကိုယ်စားပြုရှေ့နေ ခရစ္စယံ ဝမ်ဒူမာက တရားခွင်ထဲမှာ ပြောပါတယ်။

တောင်ပိုင်း ကီဗူးပြည်နယ်ရဲ့ မြို့တော် ဘူခါဗူက တရားရုံးတခုရဲ့ တရားသူကြီးက ဇန်နဝါရီ ၁၅ ရက်မှာ တရားခံတွေကို ငွေခဝါချမှု၊ တရားမဝင် တွင်းထွက်ပစ္စည်းတွေ လက်ဝယ်ထားရှိမှုနဲ့ တခြားစွဲချက်တွေအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

တရားသူကြီးက သူတို့ကို ထောင်ဒဏ်အပြင် ဒဏ်ငွေ ဒေါ်လာ ၆၀၀,၀၀၀ ပေးဆောင်ဖို့ အမိန့်ပေးခဲ့ပြီး ပြစ်ဒဏ်ကျခံပြီးတာနဲ့ တပြိုင်နက် သူတို့အားလုံးကို ကွန်ဂိုနိုင်ငံက ပြည်ဝင်ခွင့် အပြီးအပိုင် ပိတ်ပင်ဖို့လည်း စီရင်ချက် ချခဲ့ပါတယ်။

အထောက်အထားမရှိတဲ့အတွက် လိမ်လည်မှုနဲ့ တရားမဝင်သတ္တုထုတ်ယူမှု အပါအဝင် တချို့စွဲချက်တွေကနေတော့ သူတို့ကို တရားသေ လွှတ်ပေးခဲ့ရပါတယ်။

တရားခံတွေက သူတို့အပေါ် စွဲချက် ၇ ခုထဲက ၄ ခုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၄ ရက်က အဖမ်းမခံရမီ သူတို့ဟာ ကွန်ဂိုဥပဒေကို ချိုးဖောက်မိနေတယ်ဆိုတာ မသိဘူးလို့ ရုံးချိန်းတလျှောက်လုံးမှာ ပြောခဲ့ကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013