ရာထူးက အနားယူရတော့မယ့် သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ဒီမိုကရေစီကို လူတစုအုပ်စိုးမှု (oligarchy) က ခြိမ်းခြောက်နေပြီလို့ နှုတ်ဆက်မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။
“ဒီကနေ့မှာ ကျုပ်တို့ရဲ့ ဒီမိုကရေစီတခုလုံး၊ ကျုပ်တို့ရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို တကယ်ခြိမ်းခြောက်နေတဲ့ အင်မတန်ချမ်းသာ၊ အာဏာရှိ၊ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစုအုပ်စိုးမှုတရပ် အမေရိကမှာ ပုံပေါ်နေပါပြီ” လို့ ဘိုင်ဒင်က ဇန်နဝါရီ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်က အင်မတန်ချမ်းသာတဲ့ နည်းပညာနဲ့ စက်မှုအသိုက်အမြုံကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အမေရိကန်တွေအပေါ်မှာ အစစ်အဆေးမရှိ ဩဇာအာဏာ လွှမ်းမိုးနိုင်နေပြီလို့ သတိပေးပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဘက်က ရပ်တည်မဲဆွယ်ပေးခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် နည်းပညာလုပ်ငန်းရှင်ကြီး အီလွန်မတ်စ်ခ် လို့တော့ ဘိုင်ဒင်က တိုက်ရိုက်မပြောသွားခဲ့ပါဘူး။
ရာသီဥတု ပြောင်းလဲလာမှုနဲ့ လူမှုမီဒီယာသတင်းမှား ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီးလည်း ဘိုင်ဒင်က သတိပေးခဲ့ပါတယ်။ သူ့ရဲ့ သက်တမ်းတကြိမ်ပဲခံတဲ့ အုပ်ချုပ်ရေးမှတ်တမ်းကိုလည်း ခုခံပြောကြားခဲ့ပါတယ်။
အလုပ်အကိုင်ဖန်တီးနိုင်တာ၊ အခြေခံအဆောက်အအုံ တိုးချဲ့နိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု တိုးချဲ့နိုင်တာ၊ ကပ်ရောဂါဘေးကနေ လွတ်မြောက်စေဖို့ တိုင်းပြည်ကို ဦးဆောင်ခဲ့တာတွေ ပြောသွားခဲ့ပါတယ်။
ဒါပေမဲ့ တချို့ကိစ္စတွေကတော့ အပြည့်အဝသက်ရောက်ဖို့ အချိန်ယူရမှာဖြစ်ပြီး မျိုးစေ့ကို စိုက်ပျိုးထားပေမဲ့ ကြီးထွားပွင့်လမ်းဖို့ ဆယ်စုနှစ်ချီ အချိန်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီဥတု အကျပ်အတည်းကို ကိုင်တွယ်ဖို့ ဆောင်ရွက်ထားတဲ့ ကိစ္စတွေကိုလည်း ဩဇာကြီးတဲ့ အင်အားစုတွေက သူတို့လုပ်ပိုင်ခွင့်နဲ့ အကျိုးစီးပွားအတွက် သူတို့ရဲ့ အစစ်အဆေးမရှိ လွှမ်းမိုးမှုကို အသုံးချပြီး ဖျက်ပစ်ဖို့ ကြိုးစားနေကြတယ်လို့ သတိပေးခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေမှာ ထရမ့်ပ် အလိုကျ အချက်အလက်စိစစ်မှုတွေ ဖျက်ပေးမယ့်ကိစ္စကိုလည်း ဘိုင်ဒင်က ဝေဖန်ခဲ့ပါတယ်။
အီလွန်မတ်စ်ခ်အပြင် အမေဇုန်ကုမ္ပဏီရဲ့ ဂျက်ဖ်ဘီးဇော့စ်၊ မက်တာရဲ့ မာ့ခ်ဇူကာဘတ် တို့ကလည်း ထရမ့်ပ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေကြပါတယ်။
Source : Reuters