Home
ဆောင်းပါး
ဂရင်းလန်းကျွန်းကို ထရမ့်ပ် ဘာကြောင့်လိုချင်သလဲ
DVB
·
January 16, 2025

ဒီကနေ့ခေတ် အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေ ၄၀ ရာခိုင်နှုန်းဟာ ငွေနဲ့ဝယ်ထားတာ ဖြစ်ပါတယ်။  အဲဒီထဲမှာ ဒိန်းမတ်ဆီက ဝယ်ခဲ့တဲ့ အမေရိကန် ဗာဂျင်းကျွန်းစုလည်း ပါသလို ရုရှားဆီက ဝယ်ခဲ့တဲ့ အလာစကာလည်း ပါပါတယ်။ ပြင်သစ်၊ စပိန်၊ မက္ကဆီကို နိုင်ငံတွေကနေလည်း နယ်မြေတွေ ဝယ်ခဲ့ဖူးပါတယ်။ ဂရင်းလန်းကျွန်း အာဏာပိုင်တွေ ကိုယ်တိုင်ကလည်း လွတ်လပ်ရေးလိုချင်ကြောင်း ပြောထားပါတယ်။ သမ္မတပြန်ဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ပ်က ဂရင်းလန်းကျွန်းကို အမေရိကန်ပြည်ထောင်စုထဲ ပါစေချင်သလို သယံဇာတ ကြွယ်ဝပြီး မဟာဗျူဟာအရ အရေးပါတဲ့ ဒီကျွန်းကို စီးပွားရေးအင်အား၊ ဒါမှမဟုတ် စစ်ရေးအင်အားသုံးပြီး ရယူဖို့ဆိုတာကို မငြင်းထားပါဘူး။

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က “ကျုပ်တို့ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်ပါတယ်။ ဒီအကြောင်း ကျုပ် သမ္မတနေရာ ဝင်မပြိုင်ခင် ဟိုးအရင်ကတည်းက ပြောနေကြပါ။ လူတွေက ဒီအကြောင်း ပြောခဲ့တာ ကြာပါပြီ။ အဲဒီကျွန်းမှာ လူ ၄၅,၀၀၀ လောက် ရှိပါတယ်။ ဒိန်းမတ်မှာ ဒီနယ်မြေအပေါ် တရားဝင်ပိုင်ဆိုင်ခွင့် ရှိမရှိ တကယ်တော့ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ သူတို့မှာရှိတယ်ဆိုရင်တောင် စွန့်လွှတ်သင့်ပါတယ်။ အကြောင်းက အမျိုးသားလုံခြုံရေးအတွက် ကျုပ်တို့ လိုအပ်လို့ပါ။ လွတ်လပ်တဲ့ကမ္ဘာအတွက်ပါ။ လွတ်လပ်တဲ့ကမ္ဘာကို ကာကွယ်ဖို့အကြောင်း ပြောနေတာပါ။ မှန်ပြောင်းတောင် မလိုပါဘူး။ အပြင်ကိုကြည့်ရင် တရုတ်သင်္ဘောတွေ နေရာတိုင်းမှာ ရှိနေပါတယ်။ ရုရှားသင်္ဘောတွေလည်း နေရာတိုင်းမှာပါပဲ။ ဒါကို ကျုပ်တို့ လက်ခံမှာမဟုတ်ပါဘူး။ လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။ ဒိန်းမတ်က သဘောတူညီချက်တခု ရချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ သူတို့မှာ အခွင့်အရေး၊ ပိုင်ဆိုင်မှု၊ အကျိုးခံစားခွင့် ရှိမရှိကို ဘယ်သူမှ မသိပါဘူး။ ပြည်သူတွေက လွတ်လပ်ရေးကို မဲပေးချင် ပေးမယ်၊ ဒါမှမဟုတ် အမေရိကန်နိုင်ငံထဲ ဝင်ဖို့ မဲပေးချင် ပေးမယ်။ အဲဒီလိုလုပ်ရင်တော့ ကျနော်က ဒိန်းမတ်အပေါ် အခွန်အတုတ် ကြီးကြီးမားမား စည်းကြပ်မှာပါ” လို့ ပြောပါတယ်။

ဒါကြောင့် အမေရိကန်က ဂရင်းလန်းကို ဝယ်မယ်ဆိုတာ  ခြောက်လုံးလှန့်လုံး သက်သက်မဟုတ်ပါဘူး။  လူဦးရေ ၅၇,၀၀၀ ပဲရှိပြီး နှင်းအများစု ဖုံးလွှမ်းနေတဲ့ ဒီကျွန်းဟာ အမေရိကန်လက်ထဲ ရောက်သွားနိုင်သလား၊ လေ့လာကြည့်ရအောင်ပါ။

ဂရင်းလန်းကို ထရမ့်ပ် ဘာကြောင့် လိုချင်သလဲ

ဒိန်းမတ်ဟာ နေတိုးအဖွဲ့ဝင်ဖြစ်တဲ့အတွက် ဂရင်းလန်းကျွန်းဟာလည်း နေတိုးထဲမှာပဲ ပါဝင်နေပါတယ်။ ဥရောပကနေ မြောက်အမေရိကကိုလာဖို့ အတိုဆုံးလမ်းကြောင်းဟာ ဒီကျွန်းကို ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် အမေရိကန်စစ်ရေးအတွက် မဟာဗျူဟာအရ အထူးအရေးပါသလို ပဲ့ထိန်းဒုံးကျည် ကနဦးသတိပေးစနစ်တွေ တပ်ဆင်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

ဂရင်းလန်းအနောက်မြောက်ဘက်မှာရှိတဲ့ ဘီးဒူးဖိခ် လေတပ်စခန်းမှာ အမေရိကန်က အမြဲတမ်း တပ်စွဲထားပါတယ်။

ရုရှားရေတပ်သင်္ဘောတွေ၊ နျူးကလီးယား ရေငုပ်သင်္ဘောတွေ ဖြတ်သန်းရာလမ်းကြောင်းဖြစ်တဲ့ ဂရင်းလန်းကျွန်း၊ အိုက်စလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့အကြား ရေပြင်ကို စောင့်ကြည့်ဖို့အတွက် ရေဒါတွေ ချထားတာလိုမျိုး စစ်ရေးတည်ရှိမှု ချဲ့ထွင်ဖို့ အမေရိကန်က စိတ်ဝင်စားနေတာ ကြာပြီဖြစ်ပါတယ်။

ပထဝီအနေအထားအရလည်း ဂရင်းလန်းဟာ မြောက်အမေရိကတိုက်မှာ ပါဝင်တဲ့အတွက် ဒီကျွန်းမှာ တခြားအင်အားကြီးနိုင်ငံတွေက ခြေကုပ်ယူလာမှာကို တားဆီးဖို့က အမေရိကန်အတွက် အထူးအရေးကြီးပါတယ်။

ဒေါ်နယ်ထရမ့်ပ်က “ဒီနေရာဟာ အရမ်းထူးခြားတဲ့နေရာပါ။ ဒီနေရာကိုယ်တိုင်အတွက် လုံခြုံရေး လိုအပ်သလို ကမ္ဘာကြီးအတွက်လည်း လုံခြုံရေး အရမ်းလိုအပ်နေပါတယ်။ တည်နေရာကြောင့်ပါ။ လူတွေ၊ သင်္ဘောတွေ ပတ်ပတ်လည်သွားနေတာ မြင်ရပါတယ်။ မသင့်တော်တဲ့ သင်္ဘောတွေပေါ့။ ခင်ဗျားတို့ သိချင်ကြတဲ့ သင်္ဘောတွေ မဟုတ်ပါဘူး။ ဒါကြောင့် လုံခြုံရေး လိုအပ်နေပါတယ်။ ကျုပ်တို့နိုင်ငံအတွက် လိုအပ်သလို တကမ္ဘာလုံးအတွက်လည်း လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

ကျွန်းရဲ့မြို့တော် နုခ် ဟာ ဒိန်းမတ်မြို့တော် ကိုပေဟေဂင်ထက် နယူးယောက်နဲ့ ပိုနီးပါတယ်။ ကျွန်းမှာ သတ္တု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယံဇာတ ကြွယ်ဝပေမဲ့ ဖွံ့ဖြိုးမှုကတော့ နှေးကွေးပါတယ်။

ဥရောပကော်မရှင်က အရေးပါတဲ့ ကုန်ကြမ်းပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ သယံဇာတ ၃၄ မျိုးအနက် ၂၄ မျိုးကို ဒီကျွန်းမှာ တွေ့နိုင်တယ်လို့ ၂၀၂၃ စစ်တမ်းတခုက ဖော်ပြပါတယ်။ အဲဒီထဲမှာ ဘက်ထရီမှာသုံးတဲ့ ဂရာဖိုက်ဒ်နဲ့ လီသီယမ်လိုမျိုး သတ္တုအမြောက်အမြား ရှိနေသလို လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေမှာ သုံးတဲ့ မြေရှားသတ္တုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဂရင်းလန်းကျွန်းမှာ သဘာဝပတ်ဝန်းကျင်အကြောင်းပြချက်နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်မှု ပိတ်ထားပါတယ်။ သတ္တုတူးဖော်ရေးဟာလည်း ဌာနေတိုင်းရင်းသားတွေရဲ့ ကန့်ကွက်မှုနဲ့ ကြိုးနီစနစ်ကြောင့် နှောင့်နှေးမှုရှိပါတယ်။ ဒါကြောင့် ဂရင်းလန်းကျွန်းစီးပွားရေးဟာ ငါးလုပ်ငန်းအပေါ်မှာပဲ မှီခိုနေရတာ ဖြစ်ပါတယ်။ ပို့ကုန် ၉၅ ရာခိုင်နှုန်းဟာ ငါးလုပ်ငန်းဖြစ်ပြီး  ဒေသအစိုးရဘတ်ဂျက် ထက်ဝက်နီးပါးကို ဒိန်းမတ်အစိုးရက နှစ်စဉ် ထောက်ပံ့ပေးထားပါတယ်။ စုစုပေါင်းဆိုရင် တနှစ်ကို ဒိန်းမတ်က ဒေါ်လာ ၁ ဘီလီယံလောက် ဂရင်းလန်းကျွန်းအတွက် သုံးနေတာ ဖြစ်ပါတယ်။

ဂရင်းလန်ကို ဘယ်သူ ပိုင်သလဲ၊ ဘယ်လို ဝယ်မလဲ

ဂရင်းလန်းကျွန်းဟာ ဒိန်းမတ်နိုင်ငံထဲမှာ ပါဝင်ခဲ့တာ အနှစ် ၆၀၀ ကျော်ရှိပါပြီ။ အရင်က ကိုလိုနီနယ်မြေ ဖြစ်ပေမဲ့ အခုအခါ ကိုယ့်ပြည်တွင်းရေး ကိုယ်ပိုင်စီမံတဲ့ ဒိန်းမတ်ထီးနန်းအောက်က တစိတ်တဒေသ အချုပ်အခြာအာဏာပိုင်နယ်မြေ ဖြစ်ပါတယ်။ ၁၉၅၃ မှာမှ တရားဝင်နယ်မြေ ဖြစ်လာပြီးတော့ ဒိန်းမတ်အခြေခံဥပဒေဝင်ဒေသ ဖြစ်ပါတယ်။ ဆိုလိုတာက တရားဝင်အဆင့်အတန်း ပြောင်းမယ်ဆိုရင် အခြေခံဥပဒေ ပြင်ရမှာဖြစ်ပါတယ်။ ၂၀၀၉ မှာ ကျွန်းအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့် တိုးပေးခဲ့ပြီး လူထုဆန္ဒခံယူပွဲလုပ်ပြီး အများလက်ခံရင် လွတ်လပ်ရေးကြေညာခွင့်ပါ ပေးထားပါတယ်။

ဂရင်းလန်းဒေသ ဝန်ကြီးချုပ် မူတီအီဂါ့ဒ်ကတော့ လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေပေမဲ့ ရောင်းဖို့မဟုတ်ဘူးလို့ ပြောထားပါတယ်။ အနာဂတ်ကို ပြည်သူတွေကပဲ ဆုံးဖြတ်ရမယ်လို့လည်း ဆိုပါတယ်။ အီဂါ့ဒ်ဟာ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မှာ ဒိန်းမတ်ဘုရင် ဖရက်ဒစ်နဲ့ပါ ဆွေးနွေးခဲ့ပါသေးတယ်။ ၂၀၁၉ တုန်းကလည်း ဂရင်းလန်းကရော ဒိန်းမတ်ကပါ ထရမ့်ပ်ရဲ့ ဝယ်ယူဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါသေးတယ်။ စစ်အေးခေတ်ကာလအတွင်း အဲဒီတုန်းက အမေရိကန်သမ္မတ ဟယ်ရီထရူးမန်းကလည်း ဒိန်းမတ်ကို ရွှေသားချည်းပဲ ဒေါ်လာ သန်း ၁၀၀ ပေးပြီး ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ အဲဒီတုန်းကလည်း ဒိန်းမတ်က ငြင်းခဲ့ပါတယ်။

ဂရင်းလန်းကို ဝယ်ရင် ဘယ်လောက်ကျမလဲ

ဒိန်းမတ်ဘက်က ဂရင်းလန်းကျွန်းဟာ ရောင်းရန်မဟုတ် ဆိုပေမဲ့ အတင်းအကျပ် ဖိအားပေးပြီး ဝယ်မယ်ဆိုရင် ဘယ်လောက်ကျနိုင်သလဲ၊ တချို့က ထရမ့်ပ်ရဲ့ ထုံးစံအတိုင်း “ဖြဲ” တဲ့အကွက်လို့ ထင်ကြပေမဲ့ အမေရိကန်ဟာ နယ်မြေကို ပိုက်ဆံနဲ့ ပေးဝယ်တဲ့ အစဉ်အလာ ဟိုးအရင်ကတည်းက ရှိခဲ့တာကြောင့် မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။

လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေ ၄၀ ရာခိုင်နှုန်းနီးပါးဟာ ဝယ်ယူပြီး တိုးချဲ့ထားတာ ဖြစ်ပါတယ်။ ၁၈၀၃ မှာ လူဝီစီးယားနား ဝယ်ယူမှုလို့ ထင်ရှားတဲ့ မြေဝယ်မှုမှာ ပြင်သစ်ဆီကနေ ဧက သန်း ၅၃၀ ကို ဒေါ်လာ ၁၅ သန်းနဲ့ ဝယ်ခဲ့ပါတယ်။ အဲဒီနယ်မြေတွေဟာ လက်ရှိ အမေရိကန်ပြည်နယ်တွေထဲက ၁၃ ခု ဖြစ်လာပါတယ်။

၁၈၆၇ မှာ ရုရှားဆီကနေ အလာစကာကို ဒေါ်လာ ၇ ဒသမ ၂ သန်းနဲ့ ဝယ်ခဲ့ပါတယ်။ ဖိလစ်ပိုင်ကိုလည်း လွတ်လပ်ရေးမပေးမီမှာ ၁၈၉၈ ခုနှစ်က စပိန်ကနေ ဒေါ်လာ သန်း ၂၀ နဲ့ ဝယ်ထားတာ ဖြစ်ပါတယ်။  ၁၈၄၈ မှာ ဖလော်ရီဒါကို စပိန်ဆီကနေ ဒေါ်လာ ၁၅ သန်းနဲ့  ဝယ်ခဲ့သလို ၁၈၅၃ မှာ မက္ကဆီကိုကနေလည်း ဒေါ်လာ ၁၅ သန်းနဲ့ မြေဝယ်ခဲ့ပါတယ်။ အခု ဂရင်းလန်းကို ဝယ်မယ်ဆိုတဲ့ ဒိန်းမတ်ကနေလည်း ၁၉၁၆ တုန်းက ဒိန်းနစ်ရှ် အနောက်အင်ဒီးစ်ကျွန်းစု ဝယ်ခဲ့ပြီး အခု ဗာဂျင်းကျွန်းစုလို့ အများသိကြတာ ဖြစ်ပါတယ်။

နယူးယောက်က အိမ်ခြံမြေလုပ်ငန်းရှင် စီးပွားရေးပညာရှင် ဒေးဗစ်ဘေကာက တွက်ပြထားပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ၁၈၆၇ တုန်းက အလာစကာကို ရုရှားကနေ တဧက ၂ ဆင့်လောက်နဲ့ ဝယ်တာဟာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအရ ရှုံးတယ်လို့ တွက်ပြဖူးတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဂရင်းလန်းကို ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကနေ ၇၇ ဘီလီယံလောက် တန်မယ်လို့ ဘေကာက အကြမ်းဖျင်း မှန်းပါတယ်။ ဒါဟာ ဒိန်းနစ်ရှ် အနောက်အင်ဒီးစ်ကျွန်းစု ဝယ်စျေးနဲ့ အလာစကာ ဝယ်စျေးကို နိုင်ငံတွေရဲ့ ဂျီဒီပီတိုးနှုန်းနဲ့ ကာလပေါက်စျေး ယှဉ်ပြီး တွက်ပြထားတာ ဖြစ်ပါတယ်။

ဂရင်းလန်းသာ လွတ်လပ်ရေးရသွားရင် ဘယ်လိုဖြစ်ကုန်မလဲ

အကယ်၍ ဂရင်းလန်းသာ လွတ်လပ်ရေးရသွားရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဖို့ ရွေးချယ်ကောင်းလည်း ရွေးချယ်နိုင်ပါတယ်။ ဂရင်းလန်းသား အများစုက လွတ်လပ်ရေး လိုချင်ပေမဲ့ လက်ရှိမှာ ဥရောပသမဂ္ဂဝင် ဒိန်းမတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေရတာ ဖြစ်တဲ့အတွက် အပြည့်အဝ လွတ်လပ်ရေး ဆိုတာမျိုးကိုတော့ ဖြစ်နိုင်မယ်ထင်သူ နည်းနေပါတယ်။ ရွေးချယ်စရာတခု ရှိတာကတော့ အမေရိကန်ပြည်ထောင်စုနဲ့ “လွတ်လပ်စွာ သင်းပင်းဖွဲ့မှု” (free association) ဆိုတဲ့ ပုံစံတခုပါ။ လက်ရှိ ပစိဖိတ်ကျွန်းနိုင်ငံငယ်လေးတွေ ဖြစ်တဲ့ မာရှယ်ကျွန်းစု၊ မိုက်ခရိုနီးရှားနဲ့ ပါလာအူတို့က ဒီပုံစံမျိုး အမေရိကန်နဲ့ ပူးပေါင်းထားကြပါတယ်။ ဂရင်းလန်းသားတွေက ဒိန်းမတ်ကနေ လွတ်လပ်ရေးဆိုတာမျိုး ပြောနေကြပေမဲ့ ကိုလိုနီသခင်ကြီးတဦးဆီကနေ နောက်တဦးဆီ ပြောင်းတာမျိုးတော့ လိုချင်မယ်မထင်ဘူးလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

ဒိန်းမတ်နဲ့ ဂရင်းလန်းရဲ့ သဘောထား

သမိုင်းမှာ ကိုလိုနီအရှင်သခင်ဖြစ်ခဲ့တဲ့ ဒိန်းမတ်ကနေ ဂရင်းလန်းအပေါ် အလွဲလုပ်ခဲ့တာတွေ ရှိတဲ့အတွက် အခုလို ထရမ့်ပ်က လေသံပစ်လိုက်ချိန်မှာ ဒိန်းမတ်နဲ့ ဂရင်းလန်းအကြား တင်းမာမှုတွေက  ပြန်မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ပ်နဲ့ အမေရိကန်ကိုတော့ ဂရင်းလန်းဘက်ကရော ဒိန်းမတ်ဘက်ကပါ ဆက်ဆံရေးကောင်းချင်တဲ့ သဘောထားကိုလည်း တွေ့နေရပါတယ်။ ထရမ့်ပ်ရဲ့သားဖြစ်သူ ဂရင်းလန်းကို သွားခဲ့တဲ့ ခရီးစဉ် အဆင်ပြေခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ တဖက်မှာလည်း ဂရင်းလန်းကျွန်းကို မသိမ်းရင်ပြီးရော၊ ထရမ့်ပ် စိတ်တိုင်းကျ ပူးပေါင်းဆောင်ရွက်ပေးပါမယ်ဆိုတဲ့ သဘောထားကို ဒိန်းမတ်အစိုးရက ထရမ့်ပ်ဆီကို သတင်းစကား ပါးထားတယ်လို့ ဆိုပါတယ်။ ဒိန်းမတ်ဝန်ကြီးချုပ်ကတော့ ဂရင်းလန်း အနာဂတ်ကို ဂရင်းလန်းသားတွေပဲ ဆုံးဖြတ်ရမယ်လို့ ပြောထားပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်က “လက်ရှိ ဂရင်းလန်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ဆွေးနွေးမှုတွေအပေါ် စကားအနည်းငယ် ပြောကြားချင်ပါတယ်။ ဒိန်းမတ်အစိုးရရဲ့ အမြင်မှာ ဂရင်းလန်းဟာ ဂရင်းလန်းပြည်သူတွေအတွက်ပဲ ဆိုတာ လုံးဝ ရှင်းအောင် ပြောချင်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဇာတိပုည ဂုဏ်မာန ရှိတဲ့ ပြည်သူတွေပါ။ သူတို့ပြည်သူနဲ့ သူတို့ရှိတာပါ။ ဂရင်းလန်းအစိုးရအဖွဲ့ ဥက္ကဋ္ဌ မူတီ အီဂါ့ဒ် ပြောခဲ့သလိုပဲ ဂရင်းလန်းဟာ ရောင်းဖို့မဟုတ်ပါဘူး။ အမေရိကန်ဟာ ကျမတို့ရဲ့ အနီးကပ်ဆုံး မဟာမိတ်ပါ။ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတိုင်းမှာ သူတို့နဲ့ နီးကပ်စွာ အလုပ်လုပ်ဖို့ အမြဲတမ်း ဆန္ဒရှိပါတယ်။ တင်းမာမှုတွေ တိုးပွားနေတဲ့ မြောက်အတ္တလန်တိတ်ဒေသအတွက်လည်း ဒီအတိုင်းပါပဲ။ အနောက်နိုင်ငံတွေရဲ့ ရှုထောင့်ကနေကြည့်ရင် ရုရှား ဒါမှမဟုတ် တခြားနိုင်ငံတွေ မဟုတ်ဘဲ   အမေရိကန်ကသာ ဒီဒေသမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့က ကျမတို့မှာ ရှင်းလင်းတဲ့ အကျိုးစီးပွား ရှိပါတယ်။ ဒါပေမဲ့ ဂရင်းလန်းဟာ ဂရင်းလန်းပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စိုင်းခေတ်နွေ

Ref: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024