အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြေညာပြီး မကြာခင်မှာပဲ ဟားမတ်စ်ရဲ့ ယာယီ ဂါဇာအကြီးအကဲ ခါလိလ် အယ်လ်-ဟေယာက အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ သူတို့ရဲ့ ရည်မှန်းချက်တွေကို မအောင်မြင်ခဲ့ဘူးလို့ ဇန်နဝါရီ ၁၅ ရက်က ရုပ်မြင်သံကြားကထုတ်ပြန်တဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
“ဒီတိုက်ပွဲရဲ့ အကျိုးဆက်တွေကတော့ ဆက်ရှိနေမှာဖြစ်ပြီး ဘုရားသခင် အလိုတော်အတိုင်း ဒီတိုက်ပွဲရဲ့ အဆုံးသတ်နဲ့အတူ ရပ်တန့်သွားမှာမဟုတ်ဘူး” လို့ အယ်လ်-ဟေယာကဆိုပါတယ်။
“ရန်သူကို ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်နိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့ အံ့ဖွယ်ကိစ္စတွေ၊ စစ်ရေးအောင်မြင်မှုနဲ့ အယ်လ်ကာဆမ် တပ်မဟာက ဆောင်ရွက်တဲ့ လုံခြုံရေးအောင်မြင်မှုတွေဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ ကျွန်ုပ်တို့ရဲ့ တော်လှန်ရေးအတွက် ဂုဏ်ယူစရာ အရင်းအမြစ်တခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့လူမျိုးဟာ ကိုယ့်ရဲ့ အခွင့်အရေးအားလုံးကို ပြန်လည်ရရှိလိမ့်မယ်” လို့လည်း အယ်လ်-ဟေယာက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ၁၅ လကြာ ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းသူတွေဟာ ဗုဒ္ဓဟူးနေ့မှာ အဆင့်ဆင့်သော သဘောတူညီချက်တရပ်ကို ရရှိခဲ့ပြီလို့ အမေရိကန်နဲ့ ကာတာတို့က ဆိုပါတယ်။
အဲဒီလို ပြောဆိုအပြီးလောက်မှာပဲ ဇန်နဝါရီ ၁၅ ရက်မှာ ဂါဇာမြို့တော်ရှိ လူနေအဆောက်အအုံ တခုကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း လူအများအပြား သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင် စစ်ပွဲတွေကြောင့် လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး သိန်းသောင်းချီတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဆောင်းရာသီအအေးဒဏ်ကို ရွက်ဖျင်တဲတွေ၊ ယာယီခိုလှုံရေးစခန်းတွေထဲမှာ ရုန်းကန် ဖြတ်သန်းနေကြရပါတယ်။
Source : Reuters