လာမယ့် တနင်္ဂနွေနေ့မှာ စတင်အသက်ဝင်မယ့် ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်နဲ့ အစ္စရေး အပစ်ရပ်ရေး သဘောတူညီမှု ရပြီလို့ ကြားဝင်ညှိနှိုင်းသူတွေက ထုတ်ပြန်ပါတယ်။
ပါလက်စတိုင်းတွေ အခြေစိုက်ရာ ဂါဇာကမ်းမြောင်တခုလုံး ပျက်စီးစေခဲ့ပြီး အရှေ့အလယ်ပိုင်းတခွင်ပါ စစ်မီးကူးခဲ့တဲ့ ဒီ ၁၅ လတာအတွင်း ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကိုပါ ပြန်လွှတ်ပေးရေးလည်း သဘောတူနိုင်ခဲ့ပါတယ်။
ရှုပ်ထွေးတဲ့အဆင့်တွေ ပါဝင်တဲ့ ဒီသဘောတူညီချက်မှာ ကနဦး ၆ ပတ် အပစ်ရပ်ပြီး အစ္စရေးတပ်တွေ ဂါဇာကမ်းမြောင်က တဖြည်းဖြည်းချင်း ဆုတ်ခွာရမှာ ဖြစ်ပါတယ်။
ဂါဇာကိုထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေကိုလည်း အစ္စရေးက ဖမ်းထားတဲ့ အကျဉ်းသားတွေနဲ့ လဲလှယ်ရမှာဖြစ်ပါတယ်။
ပထအဆင့်မှာ အမျိုးသမီး၊ ကလေးနဲ့ အသက် ၅၀ ကျော် အမျိုးသားတွေ အပါအဝင် အစ္စရေးနဲ့ အမေရိကန် ဓားစာခံ ၃၃ ယောက်ကို လွှတ်ပေးမှာဖြစ်ပါတယ်။
ဒုတိယအဆင့်ဟာ ပထအဆင့်အပြီး ၁၆ ရက်အကြာမှ တဖြည်းဖြည်း အကောင်အထည်ဖော်မှာ ဖြစ်ပြီး ဓားစာခံအားလုံး လွှတ်ပေးမှာဖြစ်သလို အပြီးသတ်အပစ်ရပ်ပြီး ဂါဇာကနေ အစ္စရေးတပ်တွေ အလုံးစုံဆုတ်ခွာပေးရမှာပါ။
တတိယအဆင့်မှာတော့ ကျန်ရှိတဲ့ အလောင်းအားလုံး ပြန်ပေးရမှာဖြစ်ပြီး အီဂျစ်၊ ကာတာနဲ့ ကုလသမဂ္ဂက ဦးစီးတဲ့ ဂါဇာပြန်လည်ထူထောင်ရေး စတင်ရမှာဖြစ်ပါတယ်။
အခုလို သဘောတူညီချက်ရပေမဲ့ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းအထိ ဂါဇာမှာ အစ္စရေးက ဗုံးဆက်ကြဲနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂါဇာမှာ လူ ၄၆,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဒေသကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပေမဲ့ တကယ်တမ်း သေဆုံးသူဦးရေဟာ အဲဒီထက်အများကြီးပိုနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
စစ်မဖြစ်မီက လူဦးရေ ၂ ဒသမ ၃ သန်းလောက်ရှိခဲ့ပြီး လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြောင်တခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့ ဦးဆောင်တဲ့ သေနတ်သမားတွေက အစ္စရေးနယ်စပ်ကို ထိုးဖောက်ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှာ စစ်သားနဲ့ အရပ်သား ၁,၂၀၀ သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ဓားစာခံအဖြစ် အစ္စရေးနဲ့ နိုင်ငံခြားသား ၂၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာကို အကြီးအကျယ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကာတာနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် ဘင် အဗ္ဗဒူရာမန် အယ်လ်သာနီက ဒီသဘောတူညီချက် စတင်အကောင်အထည်ဖော်ဖို့ နှစ်ဖက်စလုံးနဲ့ ဆောင်ရွက်နေပြီဖြစ်တယ်လို့ အတည်ပြုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒီသဘောတူညီချက်ကြောင့် ဂါဇာမှာ တိုက်ပွဲတွေ ရပ်တန့်သွားစေမှာဖြစ်ပြီး ပါလက်စတိုင်း အရပ်သားတွေအတွက် အများကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူညီတွေ တိုးမြှင့်ရရှိမှာဖြစ်သလို ၁၅ လကျော် ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေလည်း မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်တော့မယ်လို့ ဝါရှင်တန်ကနေ ကြေညာပါတယ်။
Source : Reuters