Home
မြန်မာသတင်း
အောင်မင်္ဂလာအဝေးပြေးဂိတ်၌ ကုန်စည်များကို ဖောက်စစ်‌ဆေး၊ အီလက်ထရောနစ်ပစ္စည်းများ တန်ဆာခ ဈေးကြီး
DVB
·
January 15, 2025

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှာ ပါကင်ပိတ် နယ်ပို့ပစ္စည်းတွေကို လုံခြုံရေး အကြောင်းပြပြီး ကားဂိတ်ဝန်ထမ်း‌တွေက ဖွင့်ဖောက်စစ်နေတဲ့အပြင် အီလက်ထရောနစ် ပစ္စည်းတွေအတွက် တန်ဆာခကိုလည်း ၃ ဆလောက် ဈေးကြီးပေးနေရတယ်လို့ ကုန်ပို့နေသူတွေက ပြောပါတယ်။

စားသောက်ကုန်၊ အဝတ်အထည်၊ စာအုပ်စတဲ့ ရိုးရိုးကုန်စည်တွေအတွက် အထုပ် အကြီး အငယ်အလိုက် ကျပ်ငွေ ၂၀၀၀ ကနေ ၇၀၀၀ ကြားသာ ကျသင့်ပေမဲ့ အီလက်ထရောနစ်နဲ့ ပတ်သက်နေသမျှကို ရိုးရိုးကုန်စည်ထက် ၃ ဆလောက် ပိုပေးမှ ကားဂိတ်ဝန်ထမ်း‌တွေက လက်ခံ ပို့ပေးနေကြတာပါ။

ရန်ကုန်-မန္တ‌လေး ကုန်ပို့နေသူတယောက်က “ကျနော်တို့ နယ်ပို့ဆိုရင် အခြား delivery service တွေက ဈေးသင့်တယ်။ အမြန်လိုချင်သူတွေအတွက်က ကားဂိတ်ကနေ ဂိတ်ချပေးတယ်။ မနက်ပို့ ညနေ ရောက်။ ညနေပို့ နောက်မနက် အရောက်ပါ။ အီလက်ထရောနစ်ပစ္စည်း ဈေးတက်တာက ဒီဇင်ဘာလလောက်ကတည်းက။ အရင်က ၄၀၀၀ လောက်ဆို အခု ၁၅၀၀၀၊ ဒါတောင် bonus ပစ္စည်းပါ တွဲပို့ရင် အပိုထပ်ပေးရသေးတယ်။ ပါကင်ပိတ်ကတော့ ဘာမှ မရဘူး။ အကုန်ဖွင့်စစ်တာ”လို့ ဆိုပါတယ်။

ကုန်စည်ပို့ဆောင်ရေးဂိတ်တွေရဲ့ ပြောပြချက်အရ ပစ္စည်းဖောက်စစ်တာက အောင်မင်္ဂလာအဝေးပြေးကားဂိတ် ရုံးက ၂၀၂၂ ဖေဖော်ဝါရီလကတည်းက ညွှန်ကြားထားလို့ ဖြစ်ပြီး သယ်ယူပစ္စည်းစာရင်း အတိအကျရဲ့ မိတ္တူကိုပါ အမြန်လမ်းရဲတပ်ဖွဲ့တွေကို ပေးကြရပါတယ်။

ကားဂိတ်ဝန်ထမ်းတယောက်က “ပစ္စည်းတွေ ဖောက်စစ်မိလို့ သူတို့ တားမြစ်ပစ္စည်းပါရင် လုံးဝမတင်ဖို့ ညွှန်ကြားထားလို့ပါ။ အီလက်ထရောနစ်ပစ္စည်းတွေဆို ကွန်ပျူတာ၊ ပန်ကာ၊ ရေခဲသေတ္တာ၊ TV တို့က ၁ လုံး ၂ လုံးဆိုရင် ရတယ်။ အရေအတွက်များရင် အကောက်ခွန်နဲ့ ငြိမှာစိုးလို့ မတင်ပေးကြတာ။ ဖုန်းတို့ ဘလူးတုဘောက်တို့က ခပ်သေးသေးဆို တင်ပေးပါတယ်။ ပျောက်ဆုံးပျက်စီးဆို လျော်ရမှာမို့လို့ တန်ဆာခပိုယူလိုက်တဲ့ သဘောပါ”လို့ ဆိုပါတယ်။

လက်တွေ့မှာတော့ ယာဉ်လိုင်းတွေဘက်က တားမြစ်ပစ္စည်းတွေ မတင်ဆောင်ထားပေမဲ့လည်း အမြန်လမ်းတလျှောက်က စစ်ကောင်စီစစ်ဆေးရေးစခန်းတွေမှာတော့ ရဲကြေးမပေးတဲ့ ခရီးသည်တင်ကားနဲ့ ကုန်စည်တင်ကားတွေက ခရီးသည်နဲ့ ကုန်စည်တွေကို အချိန်ကြာမြင့်စွာ တင်းတင်းကျပ်ကျပ် စစ်နေတာကြောင့် လာဘ်ငွေပေးမှသာ မြန်မြန်စစ်ဆေးပေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013