မြန်မာ-ထိုင်းနယ်စပ် ကုန်စည်တင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် နှစ်နိုင်ငံကုန်စည်တွေ ပြတ်လပ်ပြီး ဈေးနှုန်းတွေမြင့်တက်နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကော့ကရိတ်မြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်း ကုန်စည်တင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ရင်ဆိုင်နေရတဲ့ အပြင် ထို့ကော်ကိုး-သင်္ကန်းညီနောင်လမ်းကနေ ကုန်တင်ယာဉ်ကြီးတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေဟာ ပြတ်လပ်ပြီး ဈေးမြင့်တက်နေပါတယ်။
ထိုင်းနိုင်ငံထုတ် ဆီ ၂ လီတာတဘူးကို အရင်က ကျပ် ၁၂၀၀၀ ရှိရာက အခု ကျပ် ၁၃၅၀၀ ၊ နက်စ်ကော်ဖီမစ် ၁ ထုတ် ကျပ် ၇၁၀၀ ကနေ ၁၃၅၀၀ ၊ Clear ခေါင်းချော်ရည်ဘူးလတ် ၁ တဘူးကို ကျပ် ၁၀၀၀၀ ကနေ ၁၂၅၀၀ ၊ မားမားခေါက်ဆွဲခြောက် တပါကင် ကျပ် ၁၅၀၀၀ ကနေ ၁၉၀၀၀ အထိဈေးမြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ မြန်မာစားသောက်ကုန်တွေ ပြတ်လပ်ခဲ့ရပြီး ဈေးနှုန်းတွေမြင့်တက်နေပါတယ်။
မဲဆောက်မြို့မှာ ပြည်တွင်းထွက် ရွှေဘိုပေါ်ဆန်းမွှေး တအိတ် ဘတ် ၁၇၀၀ ကနေ ဘတ် ၂၄၀၀ ၊ ဖျာပုံပေါ်ဆန်းမွှေး ထူး ၇ လုံး တအိတ်ဘတ် ၁၇၅၀ ကနေဘတ် ၁၈၅၀ ၊ ကြက်သွန်နီအသစ် ၁၀ ကီလိုအိတ် တအိတ်ဘတ် ၃၆၀၊ ပြည်တွင်းထွက်ပဲမျိုးစုံပါ ဈေးတက်နေပြီး ပစ္စည်းအဝင်မရှိဘူးလို့ မဲဆောက်မြို့က မြန်မာကုန်သည် ဒေါ်စိုးစိုးက ပြောပါတယ်။
မဲဆောက်ရောက်မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းထွက် စားသောက်ကုန်တွေကို အဓိက ဝယ်ယူစားသောက်နေတာဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ဒီဇင်ဘာလကစတင်ပြီး မြန်မာငွေဈေးဟာ ဆက်တိုက်ကျဆင်းနေပြီး ဇန်နဝါရီ ၄ ရက်နေ့ ငွေလဲဈေးနှုန်းဟာ မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ် ၁၀၂၀ ရှိပါတယ်။
အောင်ခန့်