Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဆီး
DVB
·
January 15, 2025
Photo-Reuters

တောင်ကိုရီးယားအာဏာပိုင်တွေဟာ ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဆက်နွှယ်ပြီး ပုန်ကန်မှု စွပ်စွဲချက်တွေနဲ့ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးကို ဇန်နဝါရီ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

သံဆူးကြိုးအတားအဆီးတွေနဲ့ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ငယ်ရဲ့ နောက်မှာ ရက်သတ္တပတ်ချီ အိမ်တွင်းအောင်းနေတဲ့ သမ္မတယွန်း နေထိုင်ရာ တောင်စောင်းစံအိမ် ဂိတ်တံခါးကနေ မော်တော်ယာဉ် ၉ စီးပါ ယာဉ်တန်းတခု ထွက်ခွာလာတာကိုလည်း မြင်တွေ့ရပါတယ်။

သမ္မတ ယွန်းကို နိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီရုံးတွေဆီ ပို့ဆောင်လိုက်တယ်လို့ ယူဆရပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက သူ့ကိုဖမ်းဆီးဖို့ ရဲအရာရှိ ၃,၀၀၀ ကျော်က သူ့နေအိမ်ကို ချီတက်ခဲ့ကြပြီးနောက်မှာ သမ္မတ ယွန်းဟာ အကြမ်းဖက်မှုတွေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေကို ရှောင်ရှားဖို့အတွက် သူကိုယ်တိုင် အစစ်ဆေး အမေးမြန်းခံဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ လုံခြုံရေးဧရိယာထဲကို မီးသတ်ပစ္စည်းတွေသုံးပြီး ဖောက်ထွင်းဝင်ရောက်တာကို တွေ့လိုက်ရတော့ CIO ရဲ့ စုံစမ်းစစ်ဆေးမှုဟာ တရားမ၀င် စုံစမ်းစစ်ဆေးမှုဖြစ်ပေမဲ့ သွေးထွက်သံယိုတွေ မဖြစ်ရအောင် တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ သမ္မတ ယွန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ ယွန်း ဖမ်းဆီးခံရမှာကို ဆန္ဒပြကြတဲ့သူတွေဟာ ဇန်နဝါရီ ၁၅ ရက် အစောပိုင်းမှာ -၆ ဒီဂရီဝန်းကျင် အအေးဒဏ်ကို အံတုရင်း တောင်စောင်းနားမှာ ယာယီတဲတွေထိုးပြီး စုပြုံဆန္ဒပြခဲ့ကြပါတယ်။

သမ္မတ ယွန်းကို ထောက်ခံသူတွေနဲ့ သူ့ရဲ့ အာဏာရ ပြည်သူ့အာဏာပါတီမှ ပါတီဝင်တွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုအပေါ် ဆန္ဒပြနေခဲ့ကြတဲ့နေရာမှာ ရဲအရာရှိ ၃,၀၀၀ ကျော်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံစမ်းရေးမှူးတွေဟာ အရုဏ်မတက်မီ အချိန်ကတည်းက စုရုံး ရောက်ရှိနေတာပါ။

သမ္မတယွန်းရဲ့ ရှေ့နေတွေကတော့ ယွန်းကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုဟာ တရားမ၀င်ဖြစ်ပြီး သူ့ကို လူသိရှင်ကြား အရှက်ရစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း စောဒကတက်ခဲ့ကြပါတယ်။

ယွန်းဆွတ်ခ်ယိုးကို ရအောင်ဖမ်းပြမယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေ အာမခံထားတဲ့ ဖမ်းဝရမ်းဟာ လက်ရှိသမ္မတကို ဆန့်ကျင်တဲ့ ပထမဆုံးသော ဖမ်းဝရမ်းဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013