
လော့စ်အိန်ဂျလိစ်မှာ တောမီးတွေ ဆက်ပြီးလောင်နေတာကြောင့် အော်စကာ ရုပ်ရှင်ထူးချွန်ဆု ဆန်ကာတင်စာရင်း ကြေညာမှုကို ဒုတိယအကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။
အော်စကာဆု ဆန်ကာတင်စာရင်း ကြေညာဖို့ သောကြာနေ့မှာ သတ်မှတ်ထားပေမဲ့ ဇန်နဝါရီ ၁၉ ရက်ကို ပထမအကြိမ် ရွှေ့ဆိုင်းခဲ့ကာ အခု ဇန်နဝါရီ ၂၃ ရက်ကို ဒုတိယအကြိမ် ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
Motion Picture Arts & Sciences စီအီးအိုက “လော့စ်အိန်ဂျလိစ်မှာ မီးတွေ ဆက်လောင်နေတာကြောင့် မဲပေးမယ့်ကာလကို ကျနော်တို့ တိုးချဲ့ဖို့ လိုပါတယ်။ ဆန်ကာတင်စာရင်း ကြေညာဖို့လည်း အချိန်ထပ်ပေါင်းရမှာ ဖြစ်တာကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အော်စကာဆန်ကာတင်သူတွေအတွက် နေ့လယ်စာတည်ခင်းမှုကိုလည်း အကယ်ဒမီက ရွှေ့ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်ကို သတ်မှတ်ခဲ့ပါတယ်။ အကယ်ဒမီဆု ရုပ်သံထုတ်လွှင့်မှုကို မတ်လ ၂ ရက်နေ့မှာ သတ်မှတ်ထားပါတယ်။
အော်စကာဆုလိုပဲ ဂီတထူးချွန်ဆုဖြစ်တဲ့ ဂရမ်မီဆုပေးပွဲကိုလည်း ဖေဖော်ဝါရီ ၂ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
“ဒီနှစ် ဆုပေးပွဲက ရည်ရွယ်ချက်အသစ်နဲ့ ပြုလုပ်မှာပါ။ မီးဘေးမှာ ကျနော်တို့ကို အကာအကွယ်ပေးခဲ့တဲ့ ကူညီသူတွေရဲ့ ရဲစွမ်းသတ္တိရှိသူတွေကို ဂုဏ်ပြုရမှာနဲ့ တောမီးကြောင့် ထိခိုက်သူတွေကို ကယ်ဆယ်ဖို့ ကူညီမှုတွေလည်း တိုးမြှင့်ရမှာဖြစ်ကြောင်း” Recording Academy က အဖွဲ့ဝင်တွေကို တရားဝင် စာပေးပို့ခဲ့ပါတယ်။
Source : Reuters