
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က ပါလစ်ဆေ့ဒ်စ်တောမီးက အရှေ့ဘက်ကို ကူးစက် ပျံ့နှံ့ နေလို့ ဟန့်တားဖို့ မတ်စောက်တဲ့ တောင်ကုန်းတွေပေါ်ကို ရေနဲ့ မီးသတ်ဆေးတွေကို လေယာဉ်နဲ့ ဇန်နဝါရီ ၁၁ ရက်က ကြဲချခဲ့ရပါတယ်။
လေပြင်းတိုက်ခြင်းအပါအဝင် ရာသီဥတုအခြေအနေက ပိုဆိုးရွားလာနိုင်တယ်လို့ ကျွမ်းကျင်သူ တွေက သတိပေးထားပါတယ်။
“ဒါလောက်နဲ့ မပြီးသေးဘူး” လို့ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်တက္ကသိုလ် UCLA က ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဒယ်နီယယ် စွိန်းက ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ လောင်နေတဲ့ အမျိုးမျိုးသော တောမီးတွေကြောင့် သေဆုံးသူ ဦးရေ တိုးလာနိုင်ပြီး လာမယ့် ၇ ရက်ကနေ ၁၀ရက်အတွင်း နောက်ထပ် ပြင်းထန်တဲ့ မီးဘေးကို ဖြစ်စေနိုင်တဲ့ ရာသီဥတုဖြစ်ရပ် အများကြီး ရှိလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
"လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပါလစ်ဆေ့ဒ်စ်တောမီးဟာ နောက်ထပ် ဧက ၁,၀၀၀ ကျော်ကို ပျံ့နှံ့သွားခဲ့ပြီး နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တာဝန် ရှိသူတွေက သတင်းထုတ်ပြန် ခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်နဲ့ ဗန်တူရာခရိုင်တွေမှာ ဇန်နဝါရီ ၁၂ မနက်ပိုင်းကနေ ဇန်နဝါရီ ၁၄ မနက်အထိ စန်တာအန်နာ လေပြင်းက အခြေအနေ ပိုဆိုးလာမယ်လို့လည်း အမျိုးသား မိုးလေဝသဌာနက သတိပေးထား ပါတယ်။
လော့စ်အိန်ဂျလိစ်ဧရိယာတခွင်လုံးမှာ အခုအခါ လူပေါင်း ၁၅၃,၀၀၀ ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးဖို့ အမိန့်ပေးထားပြီး အဆောက်အအုံပေါင်း ၅၇,၀၀၀ လောက် အန္တရာယ် ရှိနေပါတယ်။
နောက်ထပ်နေထိုင်သူ ၁၆၆,၀၀၀ ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းရမယ်လို့ လော့စ်အိန်ဂျလိစ် မြို့နယ် ရဲအရာရှိ ရောဘတ် လူနာက သတိပေးထားပါတယ်။
Source-Reuters