လော့စ်အိန်ဂျလိစ်မှာ ခုချိန်ထိ မငြှိမ်းသတ်နိုင်သေးတဲ့ တောမီးကြီး ၂ ခုထဲက တခုဖြစ်တဲ့ အီတန် တောမီးကြောင့် လောင်ကျွမ်းပျက်စီးသွားတဲ့ အဆောက်အဦ အရေအတွက်ဟာ အခုဆို ၄,၀၀၀ မှ ၅,၀၀၀ အထိရှိတယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။
LA ကောင်တီ ရဲအရာရှိ ရောဘတ်လူနာ ကလည်း အမျိုးသားအစောင့်တပ်ဖွဲ့ကို ပံ့ပိုးကူညီဖို့ တောင်းဆိုထားပြီး ညမထွက်ရအမိန့်ကို အကောင်အထည်ဖော်မှာ ဖြစ်ကြောင်း၊ ဒီ ၂ မျိုးလုံးဟာ မီးလောင်မှုကို အခွင့်ကောင်းယူတဲ့ လုယက်သူတွေကို တားဆီးနိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။
မြို့ရဲ့ အနောက်ဘက်ခြမ်းရှိ ဆန်တာ မိုနီကာနဲ့ မာလီဘူးကြားရှိ ပါလီဆေ့ဒ်စ် မီးဟာ လော့စ်အိန်ဂျလိစ် သမိုင်းမှာ အဖျက်အဆီး အများဆုံးအဖြစ် သတ်မှတ်ထားပြီး ဧက ၃၁,၀၀၀ လောက်ကို လောင်ကျွမ်းဝါးမြိုခဲ့ပြီးတော့ ရပ်ကွက်တခုလုံးကို ပြာတွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။
လက်ရှိအချိန်ထိ လူ ၅ ယောက်ထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ထားပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။
ထောင်နဲ့ချီတဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ မီးလောင်ကျွမ်း ပျက်စီးခဲ့ရပြီး လူပေါင်း ၁၈၀,၀၀၀ နီးပါးကို သူတို့ရဲ့နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားပါတယ်။
နောက်ထပ် လူ ၂၀၀,၀၀၀ လောက်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့အတွက် သတိပေးထားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Source : Reuters