Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ်တောမီးကို လေကြောင်းမှ ရေဗုံးကြဲပြီးထိန်းချုပ်ရန် ကြိုးပမ်း
DVB
·
January 13, 2025
Photo : ABC AFFILIATE KABC

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ ပစိဖိတ်ပါလဆေ့ဒ်စ်ရပ်ကွက်  တောမီးလောင်မှုကို ထိန်းချုပ်နိုင်ဖို့ မီးသတ်လေယာဉ် (air tanker) ကြီးတွေနဲ့ ရေနဲ့ မီးငြိမ်းဆေးတွေ ပက်ဖျန်းနေသလို ရဟတ်ယာဉ်တွေပါသုံးပြီး မီးငြှိမ်းသတ်နေပါတယ်။

မီးလောင်မှုဟာ အရှေ့ဘက်ကို ပျံ့နှံ့လာနိုင်တဲ့အတွက် တာဝန်ရှိသူတွေက စိုးရိမ်ပူပန်နေကြပါတယ်။

အခုအချိန်ထိ လူ ၁၃ ယောက် သေဆုံးပြီး နောက်ထပ် သေဆုံးသူတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လေတိုက်နှုန်း မြင့်တက်လာနိုင်တဲ့အတွက် မီးသတ်လုပ်ငန်းတွေ ပိုမိုခက်ခဲလာနိုင်ပါတယ်။

အဆောက်အအုံပေါင်း ၁၂,၀၀၀ ကျော်  မီးလောင်ပျက်စီးခဲ့ပြီး ရပ်ကွက်တွေ ပြာပုံဖြစ်ကုန်ပါတယ်။ လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး မီးခိုးတွေကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

အာမခံကုမ္ပဏီတွေအနေနဲ့ ဒေါ်လာဘီလီယံနဲ့ချီပြီး လျော်ကြေးပေးရမှာဖြစ်ပြီး သမ္မတဘိုင်ဒင်က ဖက်ဒရယ်အစိုးရရဲ့ အကူအညီပေးမှုတွေကို ကတိပြုထားပါတယ်။

မီးလောင်မှုဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဧက ၁,၀၀၀ ကျော် ထပ်မံပျံ့နှံ့သွားပြီး နောက်ထပ် အိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

ခုချိန်ထိ စုစုပေါင်း ဧက ၂၂,၀၀၀ ကျော် မီးလောင်ခဲ့ပြီး ၁၁ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်သေးတယ်လို့ မီးသတ်တပ်ဖွဲ့က အရာရှိ တော့ဒ် ဟော့ပ်ကင်းစ်က ပြောပါတယ်။

ဒေသခံ ၁၅၃,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပြီး အဆောက်အအုံပေါင်း ၅၇,၀၀၀ ကျော် အန္တရာယ်ရှိနေပါတယ်။

နောက်ထပ် လူပေါင်း ၁၆၆,၀၀၀ ကိုလည်း ရွှေ့ပြောင်းပေးရနိုင်တယ်လို့ လော့စ်အိန်ဂျလိစ် ကောင်တီ ရဲမင်းကြီး ရော်ဘတ် လူးနားက ပြောကြားပါတယ်။

တနင်္ဂနွေညနေပိုင်းမှာ စန်တာအားနား လေပြင်းတွေ တိုက်ခတ်လာနိုင်ပြီး ၁ နာရီကို မိုင် ၇၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

လေပြင်းကြောင့် မီးသတ်ရာမှာ အခက်အခဲပိုရှိနိုင်လို့ခန့်မှန်းထားပါတယ်။ ထိခိုက်ပျက်စီးမှုနဲ့ စီးပွားရေးဆုံးရှုံးမှုတွေဟာ ဒေါ်လာ ၁၃၅ ဘီလီယံကနေ ၁၅၀ ဘီလီယံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013