ကရင်နီပြည်မှာရှိတဲ့ CDM ဝန်ထမ်းတွေထဲက ကျန်းမာရေးအခက်အခဲကြုံနေရသူတွေကို ကူညီထောက်ပံ့နိုင်ဖို့ ပြင်ဆင်နေပြီလို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ ရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာရဲဇော်က DVB ကို ပြောပါတယ်။
‘လက်တွဲကူညီ စီဒီအမ်ထုဆီ’ ဆိုတဲ့ အစီအစဉ်ကို ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး CDM တွေထဲက ကျန်းမာရေးအခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သူတွေ၊ ဆေးကုသမှုမှတ်တမ်း၊ အထောက်အထား ပြနိုင်သူတွေကို ကူညီထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
ဒေါက်တာရဲဇော်က “CDM တွေကို မမေ့လျော့ကြဖို့နဲ့ တော်လှန်ရေးရဲ့အစက CDM လို့ သတ်မှတ်တယ်ပေါ့နော်။ အဲဒီတော့ CDM တွေရဲ့ အရေးတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တယ်။ ကိုယ်တိုင်လည်း CDM ဖြစ်တော့ CDM တွေရဲ့ ခံစားချက်တွေကို နားလည်တယ်။ အတူတူဝေမျှချင်တယ်” လို့ ပြောပါတယ်။
ကျန်းမာရေးအထောက်အပံ့ရနိုင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို Karenni State CDM Committee ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်ကဖြစ်စေ၊ သက်ဆိုင်ရာဌာနတွေကတဆင့်ဖြစ်စေ ဖြည့်စွက် လျှောက်ထားနိုင်သလို တဆင့်ပြီးတဆင့်စိစစ်ပြီး အခုလက်ရှိကုန်စျေးနှုန်းနဲ့ ကိုက်ညီတဲ့ ပမာဏတခုကို ပေးနိုင်အောင် အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။
ပထမဆုံးအနေနဲ့ ကျန်းမာရေးအခက်ကြုံနေရသူတွေကို ထောက်ပံ့တာဖြစ်ပြီး နောက်ထပ်လည်း CDM တွေအတွက် တိုးမြှင့်ပြီးထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။
ကရင်နီပြည်မှာ ပညာရေး၊ ကျန်းမာရေး၊ စစ်တပ်၊ ရဲနဲ့ တခြားဌာနဆိုင်ရာတွေကနေ တော်လှန်ရေးအစကတည်းက CDM ပြုလုပ်ခဲ့သူ အများအပြားရှိပြီး တခြားဒေသတွေကနေ CDM ပြုလုပ်ပြီးမှ ပြောင်းရွှေ့လာခဲ့သူတွေလည်းရှိနေပါတယ်။