Home
မြန်မာသတင်း
အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
January 11, 2025

အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ယောက်ဟာ လက်နက်ခဲယမ်းအများအပြားနဲ့ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ဒေသ ၂ ခုက ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖာပွန်-ဘီးလင်းလမ်းမနားမှာရှိတဲ့ လှဂွန်းပျိုစခန်းက ဗိုလ်မှူး ၁ ယောက်အပါအဝင် စစ်ကောင်စီတပ်သား ၁၆ ယောက်ဟာ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF အမှတ် ၂၇ ဗျူဟာတာဝန်ခံနဲ့ ချိတ်ဆက်ပြီး မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီကို လက်နက်ချ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဆီက ၈၀ မမ ၁ လက်၊ ၆၀ မမ ၁ လက်၊ ၅၀ မမ ၁ လက်၊ စက်လက် ၁ လက်၊ စနိုက်ဘာ ၁ လက်၊ MA1 ၇ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လှဂွန်းပျိုတပ်စခန်းဟာ ဖာပွန်မှာရှိတဲ့ တပ်စခန်းတွေကို ထောက်ပို့ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့တပ်စခန်းတခုလည်းဖြစ်သလို လက်နက်ချ အလင်းဝင်ရောက်လာသူတွေကို စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက ကောင်းကောင်းမွန်မွန်ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားတယ် လို့လည်း ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေထပ်မလုပ်ဘဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဆီကို လာရောက်ချိတ်ဆက်ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာမှာ ယာယီအ‌ခြေပြုနေတဲ့ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးတဲ့ ခမရ ၁၃ က ပြည်သူ့စစ်တပ်သား ၂ ယောက်ဟာ  MA-1 ၂ လက်၊  MA ကျည် အတောင့် ၄၆၀ နဲ့ ရွှေဘိုခရိုင် တပ်ရင်း ၂ ဆီကို အလင်းဝင်ရောက်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၉ ရက်မှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းက ရဲတပ်သား ၁ ယောက်ဟာ G-3 ၁ လက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ် ၂ ခုတို့နဲ့ ဂန့်ဂေါခရိုင် တပ်ရင်း ၃ ဆီကို အလင်းဝင်လာသလို ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းက တပ်သား ၂ ယောက်ဟာလည်း MA-1 ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ နာနတ်သီးဗုံး ၂ လုံး၊ MA ကျည် ၁၆၆ တောင့်၊ ပို့ကျည် ၅ တောင့်၊ ကျည်အိမ် ၁၀ ခုတို့နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၈ ဆီကို အလင်းဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024