(က)
တောင်ကျောင်းမှာ ဥပုသ်ယူကြ၏။ စိမ်းသရဖူစိမ်း ဆရာတော်က သီလပေးပြီးတော့ တရားဆက်ဟောပါလေ၏။ လူ့အဖွဲ့အစည်းမှာ လူတွေဟာ ဘယ်လိုပြုမူနေထိုင်သင့်သလဲ ဆိုသည်ကို ပုံဆောင်ကာ နှိုင်းယှဥ်၍ ဟောကြားတာ ဖြစ်ပါ၏။
“အိမ်း . . . မူးသာတို့ စိမ်းမောင်တို့ လုံးတုံးတို့တွေကို မေးရဦးမယ်”
“မေးတော်မူပါ ဘုရား”
“အိမ်း . . မင်းတို့တွေအနေနဲ့ ‘ပျား’ နဲ့ ‘ယင်ကောင်’ မှာ ဘယ်အကောင်ကိုများ နှစ်သက်မိကြသလဲ”
“‘ပျား’ တွေကို သဘောကျပါတယ် ဘုရာ့”
“အေး . . ယင်ကောင်တွေကိုကော သဘောမကျကြဘူးလားဟဲ့”
“မကျကြပါဘူး ဘုရား”
“ဘာဖြစ်လို့ ပျားကိုသဘောကျပြီး ယင်ကောင်ကို မနှစ်မြို့ရတာလဲ”
“အဲ . . . ပျားက စည်းလုံးညီညွတ်ပြီး၊ ယင်ကောင်က ညစ်ပတ်လို့ပါ ဘုရား”
“ဟားဟား ဟားဟား . . . မင်းတို့ကောင်တွေက ခုတော့လည်း အကြိုက်ချင်း ညီလို့ပါလား”
“တင်ပါ့ဘုရား၊ တပည့်တော်တို့က ‘ပန်းရည်ဘဏ်တိုက်’ သီချင်းထဲကလို ပျားသတ္တဝါလေးတွေကို အားကျအတုယူကြသူတွေပါ ဘုရာ့”
“အိမ်း အိမ်း . . . စုပေါင်းညီညာ အောင်ကြောင်းဖြာပေါ့လကွာ”
“တင်ပါ့ဘုရား၊ ‘အပြန် အပြန် အပြန်လားကွဲ့၊ အသွား အသွား အသွားပါဗျို့’ ဆိုတဲ့ သီချင်းစာသားလေးတွေကို အထူးနှစ်သက်မိတယ် ဘုရာ့”
“အေး အေး . . . အခုတော့ မဆိုကြနဲ့ဦးဟဲ့၊ အိမ်ရောက်မှ စိတ်ကြိုက်ဆိုကြ”
“အိမ်ရောက်လည်း ဒီနေ့တော့ ဆိုလို့မဖြစ်ပါဘူး၊ ရှစ်ပါးသီလယူထားတော့ နံ့သာလိမ်းကျံ ပန်းပန် သီဆိုခြင်းတွေကို ရှောင်ကြဥ်ရမှာမို့ပါ ဘုရား”
“ဘုန်းကြီး စာချ ၊ မိကျောင်းမင်း ရေခင်းပြသမားတွေပါလား”
“ဟားဟား ဟားဟား ဟားဟား”
(ခ)
ဆရာတော်နှင့် ဒါယကာကျော်တို့မှာ အပေးအယူမျှကာ တရားကိုဆက်နာကြပါလေ၏ ခင်ဗျာ။
“အေး အေး . . . ငါ ဒီနေ့တော့ ‘တိပိဋကဓရ (ယောဆရာတော်) ဘုရားကြီး’ ရေးသားခဲ့တဲ့ ‘ပျား နှင့် ယင်ကောင်’ ဆိုတာလေးကို ပြန်ပြောပြမကွဲ့”
“တင်ပါ့ ဘုရား”
သို့ဖြင့် ဆရာတော်က လူ့အဖွဲ့အစည်းမှာ ယင်ကောင်တွေလို စုဝေးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းနဲ့ ပျားကောင်တွေလို စုဝေးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းဆိုပြီး နှစ်မျိုးနှစ်စားရှိကြောင်း ဟောကြားပါလေ၏။
“‘ယင်’ ဆိုတဲ့အကောင်တွေရဲ့စရိုက်ကို လူတွေက မကြိုက်ကြဘူးကွ”
“တင်ပါ့ ဘုရား”
“အဲသည် ‘ယင်ကောင်’ ဆိုတာမျိုးဟာ၊ နံပါတ်တစ်၊ အမျိုးအတွက် ခံယူချက် လုံး၀မရှိဘူး၊ ဘယ်သူ့ကိုမှ ငဲ့ကွက်တာမရှိဘူး။ ဘယ်သူ့ကိုမှလည်း အရေးမစိုက်ဘူး။ ဘယ်သူ ဘာဖြစ်နေနေ ကိုယ့်အတွက်ပဲ ကိုယ်သိကြတာ”
“တင်ပါ့ ဘုရား”
“နံပါတ်နှစ်၊ စည်းကမ်းလည်းမရှိ၊ အများအပေါ်မှာ သစ္စာလည်း မရှိဘူး။ တရုန်းရုန်း တအုန်းအုန်း ကြုံရာနား၊ ကြုံရာစားကြတာ၊ လူတွေစားသောက်တဲ့ အမွန်မြတ်ဆုံးစားစရာကနေ မစင်အညစ်အကြေး၊ အပုပ်အသိုးအထိ အကုန်စားတယ်၊ လူတွေရဲ့စားခွက်မှာ လာစားပြီး အညစ်အကြေးမျိုးစုံ ရောဂါမျိုးစုံကို သယ်လာပြီး ချန်ရစ်ခဲ့တတ်တာမျိုးကွ”
“မှန်ပါ့ ဘုရား”
“အိမ်း . . . နံပါတ်သုံး၊ ခွဲဝေအသုံးချမှု၊ အနစ်နာခံ စွန့်လွှတ်မှုမရှိဘူး၊ ယင်ဆိုတာ ပျားလို အုံဖွဲ့တည်နေတာမျိုးလည်း မဟုတ်သလို ကိုယ်ရောက်တဲ့နေရာမှာ ကိုယ့်အတွက် စားခဲ့ကြတာပဲ။ စုဆောင်းတယ်တို့၊ ခွဲဝေစားသုံးတယ်တို့၊ ဇာတ်တူချင်းအတွက်တောင်မှ အနစ်နာခံ စွန့်လွှတ်တယ်ရယ်တို့ လုံးဝမရှိတဲ့ အမျိုးပဲ”
“တင်ပါ့ ဘုရား”
“နံပါတ်လေးအချက်အနေနဲ့ ပြောရရင် ဘဝပေး အသိတရားရယ်လို့ ဘာတခုမှမရှိတဲ့ အကောင်တွေပဲပေါ့”
“မှန်လှပါ့၊ တပည့်တော်တို့မျက်စိထဲမှာ အဲသည်လို ယင်ကောင်တွေနဲ့ တူလွန်းတဲ့ အဖွဲ့အစည်းတွေကိုတောင် မြင်ယောင်လာပါတယ် ဘုရာ့”
“ဟေ . . . အဲ . . . အေး အေး”
ဆရာတော်မှာ တရားဟောနေရင်း မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေပုံရပါ၏။ တရားဟောနေရင်း တရားထောက်လာသူ ငယ်ပေါင်းသူငယ်ချင်း ဒကာတော်များကို မကြည့်တော့ဘဲ တခြားပရိသတ်ကို ကျော်၍ကြည့်ကာ ဆက်ဟောပါလေ၏။
“အဲသည် ယင်ကောင်လို လူ့အဖွဲ့အစည်းကို ကြိုက်ကြသလား”
“မကြိုက်ကြပါဘူး ဘုရား”
ပရိသတ်များ၏အဖြေနောက်မှာ ကပ်ပါလာသည်ကား အဘစောမူးသာနှင့် အဘလုံးတုံးတို့၏ အသံများ ဖြစ်ပါ၏။
“အဲသည် ယင်ကောင်လိုမျိုး ဘယ်သူ့ကိုမှလည်း မငဲ့ကွက်၊ ဘယ်သူဘာဖြစ်နေနေ ဂရုမစိုက်သူကိုမှ ကိုးကွယ်နေဆဲ လူတွေလည်း နည်းနည်းတော့ ရှိနေတုန်းပါ ဘုရား”
“ဟေ . . .”
“ကိုယ်သာ ဝအောင်စားပြီး တခြားအမျိုးတူတွေ စားရမဲ့ သောက်ရမဲ့ ငတ်နေပြတ်နေ ဒုက္ခတွေ ပင်လယ်ဝေနေလည်း ဂရုမစိုက်တဲ့ ယင်ကောင်လိုလူမျိုးကို အခုအချိန်အထိ စွဲမက်နေတဲ့ လူတွေလည်း တပည့်တော်တို့ဆီမှာ ရှိနေဆဲပါဘုရား”
ဆရာတော်ကား ချွေးပျံတော်မူလေပြီတကား။
(ဂ)
သို့ပေသော်ငြား ဣန္ဒြေကိုထိန်းကာ ဆက်၍ဟောတော်မူပါလေ၏ ခင်ဗျာ။
“အိမ်း . . . ယင်ကောင်တွေနဲ့ အကောင်ချင်းခပ်ဆင်ဆင်ဖြစ်တဲ့ ပျားကောင်တွေကို ကြည့်ကြရအောင်”
“တင်ပါ့ဘုရား”
“အိမ်း . . . ပျားကောင်တွေဟာ နံပါတ်တစ်၊ ကြုံရာမှာရှာပြီး တွေ့ရာမှာ စားသုံးခဲ့ကြသူတွေ မဟုတ်ဘူး။ မိမိတို့ရဲ့ အသိုက်အမြုံရှိရာကို စွမ်းနိုင်သမျှ စုဆောင်းသယ်ဆောင်လာကြတယ်။ ခိုတာကပ်တာမျိုး ကိုယ်ကျိုးသုံးတာမျိုး ဘယ်တော့မှ မရှိဘူး”
“တင်ပါ့ ဘုရား”
“နံပါတ်နှစ်၊ စည်းကမ်းရှိပြီး အများအပေါ်မှာ သစ္စာရှိတယ်။ အညစ်အကြေး အပုပ်အသိုးကို နားလေ့ စားလေ့ မရှိဘူး”
“မှန်လှပါ ဘုရား”
“အိမ်း . . . နံပါတ်သုံးအချက်အနေနဲ့ ပြောရရင်၊ ခွဲဝေအသုံးချမှု၊ အနစ်နာခံ စွန့်လွှတ်မှု ရှိတယ်”
“တင်ပါ့ ဘုရား”
“အုံမှာ စနစ်တကျ စုဆောင်းပြီး အာဟာရအတွက် ကုန်ကြမ်းသယ်ယူသူ သယ်ယူ၊ ကုန်ချော ထုတ်သူထုတ်နဲ့ ပျားမျိုးဆက်သစ်တိုင်းအတွက် ချို့တဲ့မှုမရှိစေရအောင် စနစ်တကျ စုဆောင်းထားကြတယ်”
“တယ်တော်တဲ့ ပျားတွေပါ ဘုရာ့”
“အိမ်း . . . ပျားပျိုများကလည်း ပျားအိုတွေကို မတိုးဝှေ့ မတိုက်ခိုက်ကြသလို ပျားအိုများကလည်း ပျားပျိုတို့အတွက် ငဲ့ကွက်မှု အမြဲရှိနေကြတယ်”
“မှန်လှပါ့ ဘုရား”
“ပျားတွေဟာ အမွန်အမြတ်ဖြစ်တဲ့ ပန်းဝတ်ရည်ကိုသာ စုပ်ယူကြတာ၊ မျိုးဆက်သစ်တွေအတွက် နားခိုရာ အုံနဲ့ အကန့်နဲ့ စနစ်တကျ တည်ဆောက်တတ်ကြတာတွေဟာ အတုယူဖို့ မကောင်းဘူးလား”
“ကောင်းပါတယ် ဘုရား၊ အဲသည် ပျားလိုလူ့အဖွဲ့အစည်းကို စနစ်တကျ တည်ဆောက်ပေးခဲ့သူတွေကိုလည်း မျက်စိထဲမှာ ပေါ်လာကြောင်းပါ ဘုရား”
“ဟေ . . .”
“အခုတော့ ယင်ရိုင်းတွေဟာ နေရာတကာမှာ”
အဘစောမူးသာနှင့် အဘလုံးတုံးတို့၏ တရားထောက်ချက်များကို ဆရာတော် ဇောချွေးပျံတော်မူကာ ရေတခွက် သောက်ပါလေ၏ ခင်ဗျာ။ ပြီးတာနှင့် တရားကို ကမန်းကတန်း နိဂုံးချုပ်လိုက်ကာ ပလ္လင်ပေါ်မှ ဆင်းသွားပါလေတော့၏။
“ဟဲ့ကောင်တွေ၊ နင်တို့ တရားထောက်တာက တမျိုးပဲ”
“စိမ်းမောင်ကလည်းကွာ၊ ငါတို့ထောက်တဲ့အထဲမှာ ဘာတွေများ အမှားပါလို့လဲဟ”
“နင်တို့ပဲပြောတာလေ၊ ယင်တွေနဲ့တူတဲ့ အဖွဲ့အစည်းတွေ၊ ပျားတွေနဲ့တူတဲ့ အဖွဲ့အစည်းတွေကို မြင်နေရတယ်ဆို”
“အေးလေကွာ၊ အဲဒါ ဘာဖြစ်လို့လဲ”
“အဲ . . အဲဒါဟာ တခုခုကို စောင်းပြောနေသလိုပဲ ဆိုတော့ . . .”
“ဟားဟား ဟားဟား ဟားဟား”
“ဘာ ထ ရယ်ကြပြန်တာတုန်းဟ”
“မင်းပြောပုံအရဆိုရင် မစင် အညစ်အကြေး အပုပ်အသိုးတွေပေါ်မှာပျော်တဲ့ တကိုယ်ကောင်းသမား မင်းတို့အဘ ကြင်စိုး သာ၀ တပ်ပြုတ်ကြီး မအလဟာ လူသားစင်စစ်မဟုတ်ဘဲ ‘ယင်ချုပ်’ ကြီး ဖြစ်နေပါပေါ့လား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)