(က)
တောင်ကျောင်းတွင် စိမ်းသရဖူစိမ်းသားအဖများနှင့် ဆုံရပါ၏။ အဘစိမ်းမောင်၏ သားကြီး လေမောင်ကော အငယ်ကောင် စိမ်းကိုကိုပါ ညဘက အိမ်မှာမအိပ်ရဲ၍ ကျောင်းမှာလာ 'ကျိန်း' ပြီး မနက်ဘက်ထကာ ရေနွေးကြိုသူကကြို၊ မီးထိုးသူကထိုးနှင့် တက်ညီလက်ညီပါ ခင်ဗျ။ ဖုန်းထဲမှ သီချင်းတပုဒ်ကိုလည်း ဖွင့်ထားပါလေ၏။
“နှစ်ကူးတော့မယ် . . . ခင်ခင်ရယ်
လိုက်ခဲ့ပါလား အပျင်းတော်ပြေမယ်
မောင်တို့လာချေပေါ့ကွယ်
ကညာမေကြော့တို့
ငွေငန်းထွက်ကာလည် "
"မြ န န္ဒာ
နေညိုညိုရစ်ကာသန်းတော့
ရွှေမန်းတောင်ရိပ်
အတူတူခိုမယ် ပျိုဖြူ တွေရယ်
ပျော်ခင်းလေးသာပါပေ့တယ်
နိမိတ်ကောင်းယူမယ်
နှစ်ကူးသင်္ကြန်တော်ဝယ်"
အဘစောမူးသာနှင့် အဘလုံးတုံးတို့က ပြုံးစိစိလုပ်ကာ မေးဆတ်ပြပါလေရာ များမကြာခင် ရင်ချောင်ဖွယ် ရယ်မောစရာတခုခုတော့ ကြားရလိမ့်မည်ဟု ယူဆရပါလေ၏။
"ဟဲ့ ရွှေစိမ်းကြီးတို့ ရွှေစိမ်းလေးတို့၊ နင်တို့တွေ ဖွင့်နေတာ တန်ခူးလ သီချင်းကြီးဟ၊ ခုမှ နတ်တော်လပဲ ရှိသေးတာ။
“ဟာဗျာ . . အဘတို့ကလည်း၊ ဘယ်လဖြစ်ဖြစ်ပေါ့၊ ကျုပ်တို့က လာမယ့်တန်ခူးလ သင်္ကြန်မဏ္ဍပ်မှာ ကဲဖို့ ခုကတည်းက ကြိုကျင့်နေတာ။”
“ဟေ . . . အဲသလိုလားဟ”
“ဟုတ်တယ်ဗျ။”
သို့ပြောပြီး ထိုသီချင်းကိုဖွင့်ကာ သီချင်းအလိုက်ကို လေဆက်ချွန်နေကြပါလေ၏ ခင်ဗျာ။ အဘ စောမူးသာက အဘစိမ်းမောင်ကို "မင့်ကောင်တွေကတော့ စံပါပဲကွာ၊ ဝီရိယတယ်ကြီးကြတာကိုးဟ၊ ကောင်းတယ် ကောင်းတယ်" ဟု ပြုံးစိစိနှင့် ချွန်ပါလေ၏။
"ငါ့သားတွေပဲကွာ၊ ငါ့လိုပဲပေါ့ဟ"
စစ်ပြန်ကြီးအဘလုံးတုံးကလည်း "ဒီသီချင်းကိုကြားရတော့ ငါလည်းဆိုချင်လာသကွ" ဟု ဝင်ပြောလေရာ အဘစိမ်းမောင်က "ဆိုလေကွာ" ဟု ပြောလေသော် အဘလုံးတုံးက စာမြှောင်ကပ်တေးတပုဒ်ကို ချက်ချင်းတွေးထုတ်ကာ ဟစ်လိုက်ပါလေတော့၏ ခင်ဗျား။
"နှစ်ကူးတော့မယ် . . . ကြင်ကြင်ရယ် မိုက်ခဲ့ပါလား အတင်းဆော်နေတယ် ငကြောင်တို့ နာချေပေါ့ကွယ် မသာတွေ မလျော့တယ် ငွေဂန်းဆွဲကာ တွယ် "
"အဘ အသံပြာလေ ပိုပိုဟစ်ကာကြမ်းတော့ ရွှေဂန်းမောင်မဆိတ် အတူတူဖြိုမယ် အကိုညီတွေရယ် ပျော်ခင်းလေး လာပါတော့မယ် နိမိတ်ကောင်းယူမယ် နှစ်ကူးအချိန်တော်ဝယ်။"
(ခ)
သားတော်နှစ်ပါးကား သီချင်းညည်းမပျက်။ ခမည်းတော်ကြီးကား မျက်နှာမဲ့ခွက်ခွက်နှင့် အရွှင်အဘတွေကို စိမ်းစိမ်းကြီး ကြည့်နေပါလေ၏။ ပြီးတော့ စကားစပါ၏။
"မင်းတို့ကလည်း တွေ့ရာမြင်ရာ ဟာသတွေပဲ ဖောက်နေတာ"
"မင်းတို့ကိုယ်းကွယ်တော်မူတဲ့ အဘကြင်စိုး သာ၀ မအလကြီးပြောသမျှစကား၊ လုပ်သမျှအ လုပ်တွေကလည်း 'ဟာသတွေ' ကိုးဟ။"
“တပ်ချုပ်ကြီးက 'အတည်အတံ့သမားကွ၊ ရယ်စရာတခုမှ မပြောဘူး၊ မလုပ်ဘူး။"
"ဟားဟား ဟားဟား ဟားဟား"
"ဘာ ထရယ်ကြပြန်တာလဲ"
"အဲ . . . ဟဲဟဲဟဲ . . . မင်းတို့လို စိမ်းသရဖူစိမ်းတွေအတွက်တော့မသိဘူး၊ ငါတို့ ပြည်သူလူထုအဖို့တော့ ဒင်းစကားတွေ ဒင်းအလုပ်တွေဟာ 'တကယ့်ဟာသတွေ' ဟ။"
" အမ် . . . "
"မူးသာပြောတာ အမှန်ပဲဟ စိမ်းမောင်ရ၊ အမှန်က ဒီကောင်ကြီး ' လူပြက် ' လုပ်ရမှာဟ။"
"ဟုတ်ပ လုံးတုံးရာ၊ အခုလည်း 'လူပြက်' ပါပဲကွာ၊ ရိုးရိုးလူပြက်တော့မဟုတ်ဘူး၊ မျက်ရည်လည်ရွှဲနဲ့ ရှိုက်ကြီးတငင်ငိုနေရတဲ့ လူပြက်ကြီး။"
"ဟီးဟီး ဟီးဟီး ဟီးဟီး"
အဘစိမ်းမောင်က ကျွန်ုပ်ဖေကြီးကိုကြည့်ကာ "မင့်အဘတွေကတော့ မလွယ်ဘူးကွ" ဟု ဆိုပါလေရာ အရွှင်အဘတွေက တဟားဟား ရယ်မောကြပါလေ၏။
"မြန်မာ့ရာဇဝင်မှာ အဖျင်းဆုံးမင်းဖြစ်ပြီး သိပ်မကြာခင်မှာ ဆီးရီးယားစစ်တပ်လိုပဲ သူ့ဖက်ဆစ်တပ်လည်း ဖျက်သိမ်းခံရတော့မှာဟ။"
"ဒီလောက်ကြီးတော့ မဖြစ်နိုင်ပါဘူး လုံးတုံးရာ၊ မင်းတို့ဟာက ပိုလွန်းတယ်။"
"စောင့်ကြည့်လကွာ စိမ်းမောင်ရာ၊ အခုတောင်မှ သူ့ခါးပိုက်ဆောင်တပ်အင်အား လုံးပါးပါးလာတာ ကျန်လှ နည်းနည်းပဲဟ။"
" ဟေ . . ."
"မယုံရင်ကြည့်နေ၊ မင်းတို့ တပ်ပြုတ်ကြီး၊ 'အလောင်းစီသူ' မင်းကြီး၊ ခွေးပြေးဝက်ပြေး ပြေးပြီး ဘယ်နိုင်ငံမှာ ခိုလှုံမလဲဆိုတာ။"
ဒါလည်း မဖြစ်နိုင်ဘူး မူးသာ၊ အခုတောင်မှ တပ်ချုပ်ကြီးဟာ စစ်လေယာဥ်တွေဖြည့်၊ ရေတပ်စစ်သင်္ဘောတွေ ထပ်ဖြည့်နဲ့ အဲသည်ပွဲတက်အခမ်းအနားတွေ မင်းတို့မမြင်ဘူးလား။"
"ဟားဟား ဟားဟား ဟားဟား"
"အဲဒီလို ပွဲတွေတက်ပြနေတာ 'ငါမကြောက်ဘူးကွ' လို့ မာန်တင်းပြီး ဟန်ပြလုပ်နေတာ၊ သူ့ရင်ထဲမှာတော့ 'သောကရာသီ' ပဲ။"
"အဲ . . ."
သို့ဖြင့် အဘစောမူးသာမှာ အဘလုံးတုံးကို တုပ၍ ထိုအလိုက်နှင့်ပင် သီဆိုချလိုက်ပြန် ပါလေသတည်း။
"ကြင့် ရွှေဂန်း လာအပီ တွယ်
ဆီး ကြို ဘေး ကွ ယ်
ဗြောင် သ မ ရင်း မှာ
ကြင် ကြင် စစ် ခွေး
ပြေး ရမယ်။"
(ဂ)
ကြင်စိုးကား ဘုန်းကြီးလှ၏။ စစ်ရေးဗျူဟာများကို ထုံးလိုခြေ ရေလိုနှောက်ကာ ကစားနိုင်သူဖြစ်ရာ သူ့တပ်တွေမှာ 'တိုက်တိုင်းပြောင်' ဘွဲ့ထူးကနေ အဆင့်မကျ။ ကြင်စိုး၏အာဏာစက်ကား နိုင်ငံ၏ လေးပုံတပုံနီးပါးသာ ကျန်ရှိတော့သည်ဟု အဘစောမူးသာက သုံးသပ်ပါ၏။
"မင်းတို့ကသာ ပြောနေတာ၊ တပ်ချုပ်ကြီးကတော့ အေးအေးဆေးဆေးပဲကွ။"
"ဘာကိုဆိုလိုတာလဲ စိမ်းမောင်ရ"
"တပ်ချုပ်ကြီးက မဖြုံဘူးကွ၊ ကြည့်ပါလားဟ၊ ဆိုကရေးတီးပွဲတွေတက်၊ အားကစားပြိုင်ပွဲတွေတက်၊ သူ့မိသားစုပိုင် ကုမ္ပဏီပွဲပျော်ပွဲရွှင်ပွဲတွေကို အဆက်မပြတ် ပတ်တက်နေတာ။"
"ဟားဟား ဟားဟား ဟားဟား"
"ဒါကြောင့်မို့ သူ့ဘောမမီဒီယာသမားတွေက အစ သူ့ဖက်ဆစ်တပ်သားတွေအဆုံး ဒင်းကို 'ပွဲကြိုက်မောင်' လို့ ခေါ်နေကြတာကိုး။"
"ဟေ . . ."
"မူလသီချင်းအမည်က ' ပွဲကြိုက်ခင် ' ဆိုတော့ ကြင်စိုးဟာ 'ပွဲကြိုက်ကြင်' ပေါ့ဟ။"
"ဟားဟား ဟားဟား ဟားဟား"
အဘစိမ်းမောင်က ' ရီးပဲကွာ ' ဟုဆဲကာ တင်းနေသလောက် အရွှင်အဘတို့ကား တဝါးဝါးဖြင့် ရွှင်နေကြလေရာ ခပ်လှမ်းလှမ်းမှ နားဆင်နေသည့်ဆရာတော်မှာ ဝိုင်းနားသို့ ကပ်မလာတော့ပါ။
"ဘယ်လိုသဘောရသလဲ ကိုယ်တော်၊ မအလ ကို ' ပွဲကြိုက်ကြင် ' လို့ အမည်ပေးကြတာကို။"
"အဲ . . . သြော် . . . အင်း"
"လေမောင်ရေ . . . မင့်ဖုန်းထဲမှာ ကာရာအိုကေ သီချင်းတီးလုံးတွေရှိလား။"
"ရှိတာပေါ့ဗျ အဘစောမူးသာရ"
" 'ပွဲကြိုက်ခင်' ကောရှိလားဟ။"
"ရှိပါ့ဗျာ၊ ဆိုချင်ရင် ဖွင့်ပေးမယ်ဗျို့။"
အဘစိမ်းမောင့်သားကြီး လေမောင်မှာ ဘာမသိညာမသိဖြင့် 'ပွဲကြိုက်ခင်' တီးလုံးကိုရှာကာ ဖွင့်ပေးပါလေရာ အဘစောမူးသာက အဆိုကျော် လွှမ်းမိုး၏အာကို အမီလိုက်ပြီးသကာလ သူ့လက်တန်းစာသားအသစ်များကို သွတ်သွင်း၍ သီဆိုလိုက်ပါလေတော့သတည်း။
"သူ့တပ်ထဲက ပြောလှပါပြီ
ဒီပွဲရူးကြောင့် ခက်လှချည်ရဲ့
ရှက်လှပါပြီ င ကြင် ရယ်
ပြောပေမယ့်လို့ ဘယ်ခါမလျှော့တယ်"
"သူ့တပ်ကွဲက ပြောကြပါပြီ
ဒီပွဲအရူးကြောင့် ရှက်လှချည်ရဲ့
ခက်လှပါပြီ င ကြင် ရ ယ်
ပြောပေမယ့်လို့ သေခါလျှော့မယ်"
"အတော် အိုစာတယ်
သေကုန် မခံနိုင်မြင်
အ တုံး အ ရုံး ပဲ
ပွဲ ပျက် မယ့်
င ကြင် အ ဘ ရ ယ်"
ဖေကြီး(လေရှီး)