(က)
"အင်း . . . ဘာလိုလိုနဲ့ ကြင်စိုး သာ၀ မအလ ‘အာဏာသိမ်း’ တာ ၄ နှစ်တောင်မှ ပြည့်တော့မယ် စိမ်းမောင်"
"အ . . . ' အာဏာထိန်း ' တာပါဟ မူးသာရ"
" ' ထိန်း ' တာနဲ့ ' သိမ်း ' တာဟာ အတူတူပဲကွ"
"ဘယ်လိုတူတာလဲ မူးသာ"
"ဗမာစကားမှာ ' ထိန်းသိမ်း ' တယ် ဆိုတာ ရှိတယ်လေကွာ"
"အဲ . . . မူးသာပြောတာ ဟုတ်သဟ စိမ်းမောင်ရ၊ ' ထိန်းထိန်း' ၊ ' သိမ်းသိမ်း ' အတူတူပဲပေါ့"
"စစ်ပြန်ကြီးလုံးတုံးကလည်း လာသားဟ"
" မင်းငယ်ပေါင်းပဲ မူးသာရယ်၊ ဟဲဟဲ ဟဲဟဲ"
" ' အာဏာသိမ်းခြင်း ' ဆိုတဲ့ကိစ္စဟာ ကမ္ဘာပေါ်မှာ ခေတ်မစားတော့တဲ့ ' နိုင်ငံရေးမော်ဒယ်လ် '
ဖြစ်သွားပြီဟ ဘဘစိမ်းရ”
နှစ်မဲတစ်မဲဖြင့် အဘစိမ်းမောင် ခံနေရပေရာ ခပ်လှမ်းလှမ်းမှ အခြေအနေကို စောင့်ကြည့်ကာ စစ်ကူ ပစ်ကူပေးဖို့ချောင်းနေပုံရသည့် စိမ်းသရဖူစိမ်း ဆရာတော်မှာ စကားဝိုင်းသို့ ရှောင်တခင် ဝင်ရောက်လာပါလေတော့၏။
" အိမ်း . . . ' အာဏာသိမ်းခြင်း ' ဆိုတာ ကမ္ဘာပေါ်မှာ ခေတ်မစားတော့ဘူး၊ ဟုတ်လား "
" တင်ပါ့၊ ' အာဏာသိမ်းခြင်း ' ကိစ္စဟာ ကမ္ဘာမှာခေတ်တုန်းသွားပါပြီ ဘုရာ့ "
" ဟားဟား ဟားဟား ဟားဟား "
သည်တစ်ခါ ရုတ်တရက် ထ၍ရယ်သူမှာ စိမ်းသရဖူစိမ်းဆရာတော် ဦးအစိမ်းတ ဖြစ်နေလေရာ အရွှင်အဘတွေပင် မင်သက်သွားကြပါလေ၏ ခင်ဗျာ။
"ဘာ ထရယ်တာလဲ ဘုရာ့"
"ဟဲဟဲ ဟဲဟဲ . . . ' အာဏာသိမ်းခြင်းကိစ္စ ' ဟာ ကမ္ဘာပေါ်မှာ ခေတ်မစားတော့ဘူး ဆိုလို့ပါဟ"
"အမှန်ပဲလေ ဘုရာ့ . . . "
"မင်းတို့သာ ခေတ်မစားတော့ဘူးပြောနေတာ၊သိပ်မကြာသေးခင်ရက်ပိုင်းကပဲ တောင်ကိုရီးယားမှာ အာဏာသိမ်းဖို့ ဖြစ်ခဲ့တယ်လေကွာ"
"ဝါး . . . ဟားဟား ဟားဟား ဟားဟား"
အရွှင်အဘတွေက တဖန် ထရယ်ကြပြန်ပါ၏။
ဆရာတော်က " ဘာလဲဟ " ဟု ဆိုကာ၊ တောင်ကိုရီးယားဖြစ်စဉ်ကို ဆက်ပါလေ၏။
"မင်းတို့ပြောပြောနေတဲ့ ဒီမိုကရေစီနိုင်ငံမှာတောင်မှ အာဏာသိမ်းဖို့ ဖြစ်ခဲ့သေးတာပဲ"
"မှန်ပါတယ်ဘုရာ့၊ သမ္မတက တပ်ချုပ်ကို အာဏာအပ်တဲ့ဖြစ်စဉ်တော့ ကိုရီးယားသမိုင်းမှာ
အရုပ်ဆိုးစွာ ဖြစ်ခဲ့တာတော့မှန်ပါတယ်"
"ဘာပဲဖြစ်ဖြစ် ' အာဏာသိမ်း ' တာလို့ ပြောလို့ရတာပေါ့ဟ"
"ဒါပေမဲ့လို့ အာဏာသိမ်းဖို့ကိစ္စ အထမြောက်လိုက်ပါဘူး ဘုရာ့"
"ဘာဖြစ်လို့ အထမမြောက်လိုက်တာတဲ့လဲ"
"ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . လူကိုလူလိုအုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်ရဲ့ ဦးသျှောင် အဓိပတိ တပ်ချုပ်ဟာ အရှင်ဘုရားတို့ ဘုရားဒါယကာကြီး မအလလို ' အာဏာရူး ' မဟုတ်လို့ပါတဲ့ဘုရား "
"ဝါး . . . ဟားဟား ဟားဟား ဟားဟား"
(ခ)
တောင်ကျောင်းဆရာတော်ကား သိပ်ကျေနပ်ပုံမရ။ အဘစောမူးသာနှင့် အဘလုံးတုံးတို့က တောင်ကိုရီးယားဖြစ်စဉ်ကို သေသေချာချာ ရှင်းပြကြပါ၏။
"တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုးက ကွန်မြူနစ် မြောက်ကိုရီးယား လိုလားသူတွေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုပျက်ပြားစေလိုသူတွေဟာ လွှတ်တော်ထဲထိ စိမ့်ဝင်ပြီး အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုမှန်သမျှကို နှောင့်ယှက်နေတဲ့အတွက် အဲဒီ အင်အားစုတွေကို ရှင်းလင်း ပစ်ဖို့ အရပ်သားအုပ်ချုပ်မှုကို ရုပ်သိမ်းပြီး အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို TV ကနေထုတ်ပြန်လိုက်တာ ဘုရာ့"
"အေးလေကွာ . . . တပ်ကို အာဏာအပ်တာပေါ့၊ ဒီမှာလည်း ဒုသမ္မတမြင့်ဆွေက တပ်ချုပ်ကို အာဏာအပ်သလိုပေါ့"
" ဟားဟား ဟားဟား ဟားဟား . . . တူသလိုလိုနဲ့ လုံးဝမတူကြောင်းပါ ဘုရာ့"
" ဘယ်လို မတူတာလဲ ဟကောင်လုံးတုံးရ "
သို့ဖြင့် ဆရာတော်ကို သေချာရှင်းပြကြပါလေ၏။ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာ
ပြီးတာနဲ့ စစ်တပ်ဟာ အုပ်ချုပ်ရေးကဏ္ဍကို ချုပ်ကိုင်ဖို့ စတင်လှုပ်ရှားခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေး
ကြေညာချက်အရ လွှတ်တော်နိုင်ငံရေးကိုအဆုံးသတ်စေမှာဖြစ်သလို လူစုလူဝေးကိုတားမြစ်ပြီး
မီဒီယာတွေကိုလည်း ဆင်ဆာဖြတ်တောက်သွားမှာဖြစ်ကြောင်း၊ တောင်ကိုရီးယားစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ လွှတ်တော်ကိုချီတက်ပြီး အင်အားသုံး ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြကြောင်း၊ ဒါပေမဲ့လို့ နိုင်ငံ့ကောင်းကျိုးကို အစဉ်သယ်ပိုးခဲ့တဲ့အတိုက်အခံလွှတ်တော်အမတ်တွေနဲ့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ပြည်သူလူထုရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အဲသည်အာဏာသိမ်းဖို့ ဖြစ်စဉ်ဟာ လွင့်စင်ကွယ်ပျောက်ခဲ့ရကြောင်းပါတဲ့။
"အဲသည်မှာ ဒီမိုကရေစီနိုင်ငံတနိုင်ငံရဲ့ အရပ်သားအစိုးရတရပ်ရဲ့ အောက်မှာနေတဲ့ လူစိတ်ရှိတဲ့ ' စစ်တပ် ' ၊ လူစိတ်ရှိတဲ့ ' ရဲ ' တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ပါတယ် ဘုရာ့"
" ဟေ . . . ဆိုပါအုံး "
"ဒီလိုရှိပါတယ်ဘုရာ့၊ အာဏာသိမ်းဖို့အမိန့်ကြောင့် ရောက်လာခဲ့တဲ့ စစ်သားတွေ ရဲတွေဟာ သူတို့သေနတ်တွေထဲမှာ ကျည်ဆန်တွေ ထည့်မလာကြဘူးတဲ့"
"ထည့်တဲ့သူလည်း ထည့်လာမှာပေါ့ကွ "
"တင်ပါ့၊ ထည့်လာခဲ့တဲ့စစ်သည်တွေရဲ့ သေနတ်တွေထဲမှာလည်း ကျည်ဆန်အစစ်တွေမပါဘဲ ' လေ့ကျင့်ရေးကျည် ' တွေပဲ ပါပါသတဲ့။"
" အဲ့ . . . အဲသလို "
" အဲသလိုပါ ဘုရာ့၊ အဲသည်ဖြစ်စဉ်မှာ သေနတ်လည်း တချက်မှမဖောက်ကြသလို၊ တင့် ကားတွေကို ပိတ်ဆို့တားဆီးထားတဲ့ ပြည်သူတွေကိုလည်း စစ်သားတွေက ဆင်းမရိုက်ကြပဲ အသာတကြည်ရပ်ပေးလို့ ရှေ့ဆက်မသွားကြတော့ပါဘူးတဲ့"
" ဟေ . . . "
"အဲသည်လိုနဲ့ လွှတ်တော်အမတ်တွေရဲ့ စွမ်းရည်၊ လူထုရဲ့ကြိုးပမ်းအားထုတ်မှု၊ အသိဉာဏ်ရှိတဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အာဏာသိမ်းဖို့ကိစ္စဟာ ၆ နာရီ အကြာမှာပဲ ပြီးဆုံးသွားပါတယ် ဘုရား"
"ဟားဟား ဟားဟား ဟားဟား"
"မင်းတို့က ဘာ ထရယ်ကြပြန်တာလဲ"
"အဲ . . . အရှင်ဘုရားက မြန်မာပြည်က ဖြစ်စဉ်နဲ့တူတယ်ဆိုလို့ပါ၊ ခပ်ဆင်ဆင်ပေမဲ့ ဆီနဲ့ ရေပါ ဘုရား "
" ဘာကိုလဲ ဟ "
" ကိုရီးယားတပ်ချုပ်နဲ့ မြန်မာတပ်ချုပ်ဟာ ' နံ့သာဆီနဲ့ အီး ' လို့ ဆိုလိုတာပါ ဘုရား"
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
(ဂ)
အစိမ်းဆရာတော်နှင့် အစိမ်းဒါယကာ ကျော်တို့မှာမျက်နှာကြီးများ စိမ်းပုပ်လာပါ၏။ အရွှင်အဘတွေက ပြုံးစိပြုံးစိဖြင့် ဖေကြီးကို လှမ်းကြည့်ကြပြီး ဆက်၍ ' လွှတ် ' ကြပါလေ၏ ခင်ဗျာ။
“မအလရဲ့အနာဂတ်ဟာ ကိုရီးယားနဲ့မတူပေမဲ့ နောက် ' ယား ' တခုနဲ့တော့ တပုံစံတည်း ဖြစ်လာလိမ့်မကွ ဖေကြီးရ"
"အဲ . . . ဘယ် ' ယား ' နဲ့ တူမှာလဲ အဘ"
" ' ဆီးရီးယား ' နဲ့ကွ၊ ဆီးရီးယားအာဏာရှင်အာဆတ်နဲ့တော့ ချွတ်ဆွတ်တူလာမယ့်သဘောရှိသကွ စိမ်းမောင်ရ"
"အ . . . ဘယ်လိုမျိုးလဲ မူးသာ "
ထိုအခါ ရှင်းပြရပြန်ပါလေ၏။ ဆီးရီးယားအာဏရှင် အာဆတ်ကို တနိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးတပ်တွေက ဝိုင်းပြီးတော်လှန်လာခဲ့တာ ကြာပြီဖြစ်ပြီး အခု ၁၃ နှစ်ကြာတဲ့အခါ အာဆတ်ဟာ အခြေအနေမလှတော့ပဲ နိုင်ငံတွင်းကနေ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားရပါပြီတဲ့။
"မအလအဖြစ်က အာဆတ်နဲ့ ထပ်တူပဲကွ"
" ဆက်ပါအုံး အဘလုံးတုံးရဲ့ "
"တကမ္ဘာလုံးက အာဆတ်ဟာ နိုင်မြင်း၊ တော်လှန်ရေးဘက်တွေက ဘယ်တော့မှ ဖြိုနိုင်မှာမဟုတ်ဘူးလို့ တွက်ထားကြတာလေ"
" အဲဒါနဲ့ . . . "
" အေးကွ၊ တပ်ပြုတ်ကြီးမအလလိုပဲ အာဆတ်တပ်တွေလည်း မုန့်ဟင်းခါးတွေ ဖြစ်ကုန်တာ "
" အင်း . . . "
" နောက်ဆုံးတော့ ရှိရှိသမျှ မြို့တွေလည်း တော်လှန်ရေးတပ်တွေရဲ့ လက်ထဲရောက်၊ အာဏာရှင်အာဆတ်ကို သစ္စာခံခဲ့တဲ့ ဖက်ဆစ်တပ်သားတွေဟာလည်း နေရာအနှံ့မှာထွက်ပြေး၊ လက် နက်တွေချနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တဲ့သူတွေလည်း ထောင်သောင်း၊ မအလလိုပဲ"
" သြော "
"သေနတ်တွေ၊ တင့်ကားတွေနဲ့ လက်နက်ကြီးတွေ သိမ်းဆည်းရမိခဲ့တာလည်း အပြိုင်ပဲ၊ နောက်ဆုံးတော့ အာဆတ်ဟာ အသက်လုပြီး ထွက်ပြေးသွားရပြီလေ၊ ကြင်စိုးလည်း အဲဒီပုံစံအတိုင်း
ထပ်တူလာမှာ ကျိန်းသေပဲကွ စိမ်းမောင်ရ။"
" အာ့ . . . "
အာဏာရှင် ဘာရှာအယ်လ်အာဆတ်က မအလလိုပဲ သူ့အာဏာကို အကာအကွယ်ပေးမယ့် နိုင်ငံခြားတပ်တွေကို ခေါ်သွင်းပြီး နိုင်ငံပိုင် ယူရေနီယံ၊ ရေနံနဲ့ ရွှေတွင်းတွေကို သူနဲ့အကျိုးတူလုပ်တယ်။ အဲဒါတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ရပြီး သူ့အိတ်ထဲကို ထည့်ခဲ့တယ်။
" ဟေ "
" အဲသည် ဘီလီယံ ၄၀ ကျော်ကို ကာတာမှာ ၆ ဘီလီယံ ၊ အီရန်မှာ ၁၀ ဘီလီယံ၊နဲ့ ရုရှားမှာ ၂၁ ဘီလီယံ အပ်ထားပြီး အခုတော့ လက်ကျန်ငွေထုပ်လေးပိုက်ပြီး ရုရှားကို ထွက်ပြေးသွားပြီ ဘုရာ့ "
" ဟေ . . . "
" အခု သူ အသက်လုထွက်ပြေးရပြီး မော်စကိုကနေ ကာတာမှာအပ်ထားတဲ့ ၆ ဘီလီယံနဲ့ အီရန်မှာအပ်ထားခဲ့တဲ့ ၁၀ ဘီလီယံကို သူ့ဆီလွှဲပေးဖို့ပြောတဲ့အခါ ဟိုလူတွေက မပေးတော့ သူ့ရှိတဲ့ သူဘုန်းထားတဲ့ ငွေထုပ်ကလေးနဲ့ မော်စကိုမှာ ခိုအောင်းပြီး သူနေဖို့အိမ်ကို ဆောက်နေပါသတဲ့ "
" အဲ . . . "
" မော်စကို ကို ကြိုရောက်နေတဲ့ သူ့မိသားစုနဲ့လည်း တွေ့ခွင့်မရဘဲ၊ ပူတင်ကလည်း ဆီးရီးယားမှာ သူ ကူညီထောက်ပံ့ထားတဲ့ စစ်စခန်းတွေ၊ ရေတပ်စခန်းတွေရဲ့ဆုံးရှုံးမှုဟာ ၂၁ ဘီလီယံကျော်တာမို့ သူ့သိက္ခာကိုပါထိခိုက်လာတဲ့အတွက် သူ့ဆီအပ်ထားတဲ့ ၂၁ ဘီလီယံကို ပြန်မပေးတော့ဘူးလို့ အာဆတ်ကိုအကြပ်ကိုင်နေတော့ အာဏာရှင်အာဆတ်လည်း ခွတွေကို ကျနေပါသတဲ့ ဘုရား။"
" ဟားဟား ဟားဟား ဟားဟား "
သို့ဖြင့် မအလ၏လမ်းပြဆရာ အာဆတ်မှာ ရုရှားတွင် သောင်ပြင်လွှတ်သည့်ခွေးပမာ ဖြစ်နေရှာကြောင်း သိရပါပေ၏။
" အခု ကိုယ်တော်တို့ဘုရားဒါယကာကြီး ကြင်စိုး သာ၀ မအလလည်း ဆီးရီးယားအာဏာရှင်အာဆတ် အဖြစ်နဲ့ ထပ်တူကျပြီး သိပ်မကြာခင်အချိန်မှာ နိုင်ငံတွင်းက အသက်လုထွက်ပြေးရပြီး ပူတင့်ရင်ခွင် ကိုခိုလှုံဖို့တော့ မြင်ယောင်နေပါပြီတဲ့ ဘုရား"
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
ဖေကြီး(လေရှီး)