Home
မြန်မာသတင်း
ပခုက္ကူတွင် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး
DVB
·
January 9, 2025
Photo-ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ စစ်ကောင်စီ လက်အောက်ခံပျူစောထီးတွေ တိုက်ခိုက်ခံရလို့ ၁၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကနေ သိရပါတယ်။

ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံက “မနက်ပိုင်း ၉ နာရီလောက်က ပခုက္ကူ-မြစ်ခြေလမ်းပေါ်မှာ အောင်သာပျူရွာကနေ ပခုက္ကူတပ်မ ၁၀၁ ထဲကို အစည်းအ‌ဝေးသွားဖို့ ကားနဲ့ထွက်လာတဲ့ ပျူစောထီးတွေကို ဖြတ်တိုက်ခဲ့လို့တပွဲ ဖြစ်တယ်။ နောက်တပွဲက ပခုက္ကူကနေ မြိုင်ဘက်ကို ရိက္ခာပို့စစ်ကြောင်းနဲ့က ပခုက္ကူ-မြိုင်လမ်းပေါ်မှာ နေ့လယ် ၂ နာရီလောက် ဖြစ်ခဲ့တာ။ တရက်တည်း ၂ ပွဲဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

ပခုက္ကူ-မြစ်ခြေလမ်းပေါ်က တိုက်ခိုက်မှုအတွင်း အောင်သာပျူစောထီးကျေးရွာက ပျူစောထီး ဒုခေါင်းဆာင် နိုင်ဝင်းနဲ့ ပခုက္ကူ တပ်မ ၁၀၁ က ပျူစောထီးသင်တန်းဆရာတယောက် အပါအဝင် ၈ ယောက် သေဆုံးခဲ့ပြီး ပခုက္ကူ-မြိုင်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ထက်မနည်း သေဆုံးခဲ့​တယ်လို့ ဆိုပါတယ်။

ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံ ကိုဒေါက်တာက “ပခုက္ကူ-မြစ်ခြေလမ်းပေါ်မှာ အောင်သာပျူရွာကနေ ထွက်လာတဲ့ ကား ၃ စီးထဲက ကာစတမ်ပေါ်မှာ ပျူနဲ့ စစ်သား ၁၁ ယောက်ပါတယ်။ အဲဒီကားကို မြစ်ခြေလမ်းခွဲနားက ကောင်းစက်ဝိုင် ဆီဆိုင်နားမှာ ပစ်ခဲ့တာ ပျူစောထီး ဒုခေါင်းဆောင်နဲ့ တပ်မ ၁၀၁ က ပျူစောထီး သင်တန်းဆရာတို့ အပါအဝင် ၈ ယောက်သေတယ်။ သူတို့စီးလာတဲ့ကားကတော့ မှောက်သွားတယ်။ စစ်ကူတွေ တန်းရောက်လာတာနဲ့ပဲ လက်နက်တွေတော့ မကောက်ခဲ့ဘဲ ပြန်ဆုတ်ခဲ့ရတယ်။ မှောက်သွားတဲ့ ကားကိုတော့ သူတို့ဘက်က ကရိန်းနဲ့ဆွဲယူသွားတယ်”လို့ ပြောပါတယ်။

နေ့လယ်ပိုင်းကလည်း ပခုက္ကူ-မြိုင်လမ်းပေါ်မှာ ပခုက္ကူကနေ မြိုင်ဘက်ကို အင်အား ၂၀၀ လောက်နဲ့ ရိက္ခာပို့ဖို့ ထွက်လာကြတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ ထိတွေ့တိုက်ပွဲက ၁ နာရီနီးပါးလောက်တိုပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၂ ခုပေါင်းမှာတော့ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်းသေတယ်လို့ ပြောပါတယ်။

အခုရက်ပိုင်း စစ်ကောင်စီလက်အောက်ခံတွေ စစ်ကြောင်းထိုးသွားလာနေတဲ့ ပခုက္ကူ၊ မြိုင်၊ မြစ်ခြေနဲ့ ကမ္မမြို့နယ်တွေထဲမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲထားပြီး သွားလာနေထိုင်ပေးကြဖို့လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ တပ်ရင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပခုက္ကူခရိုင်အမှတ် ၂၊ ၆၊ ၇ တပ်ရင်းတွေ အပါအဝင် PPDF၊ PLC တပ်ဖွဲ့၊ 8+ တပ်ဖွဲ့နဲ့ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ထိခိုက်ဒဏ်ရာရသူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့အပေါ် DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013