
ပြင်သစ်ဂန္ထဝင်ဘောလုံးသမား ဇီဒန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်လာဖို့ ရေပန်းစားနေပါတယ်။
လက်ရှိ ပြင်သစ်နည်းပြချုပ်ဖြစ်သူ ဒေးရွှန့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ရာထူးကနေ အနားယူမယ်လို့ ကြေညာထားပြီး အနာဂတ် ပြင်သစ်လက်ရွေးစင်နည်းပြအဖြစ် ဇီဒန်း ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြတာပါ။
နည်းပြဒေးရွှန့်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ပြင်သစ်အသင်းကို တာဝန်ယူလာသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲတွေ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ။
ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဆုဖလား ၃ ကြိမ်ဆက်တိုက် ရယူပေးခဲ့တဲ့ ဇီဒန်းဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း နည်းပြလောကနဲ့ ကင်းကွာနေတာ ယနေ့အချိန်အထိ ဖြစ်ပါတယ်။