ပြီးခဲ့တဲ့ ဒီဇင်ဘာ ရက်ရှည်ရုံးပိတ်ရက်မှာ မပိတ်ဘဲ စေခိုင်းခဲ့တဲ့ စက်ရုံတချို့အနေနဲ့ အချိန်ပိုကြေး ပေးချေတာ မရှိဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်နဝါရီ ၁ ရက်အထိ ရက်ရှည်ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ စက်ရုံတချို့အနေနဲ့ အဲဒီရက်တွေမှာ ဆက်လက်ဖွင့်လှစ်ခဲ့သလို လစာထုတ်ရာမှာ အချိန်ပိုကြေးအနေနဲ့ ပါမလာခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) မှ တာဝန်ရှိသူတယောက်က “စက်ရုံတော်တော်များများက ပိတ်ရက်မှာခိုင်းပြီး အချိန်ပိုကြေး မပေးကြဘူး။ အများကြီးပဲ အဲဒီလိုဖြစ်နေတာ။ မြို့နယ်အလုပ်သမားဦးစီးတွေ ကိုယ်နှိုက်က ပေးစရာမလိုဘူး ပြောတာ။ သူတို့ပြောတာ ပြောတာလေ၊ ဥပဒေအရက ပေးကိုပေးရမှာ” လို့ ပြောပါတယ်။
ဒီဇင်ဘာလအတွက် လစာကို စက်ရုံတွေက ဒီရက်ပိုင်းမှာ ထုတ်ပေးနေတာဖြစ်ပြီး အချိန်ပိုကြေး ပါမလာလို့ မကြေလည်မှုတွေ ရှိနေကြတယ်လို့လည်း စက်ရုံလုပ်သားတချို့က ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်ရှိ Sunrise (Myanmar) အထည်ချုပ်စက်ရုံ လုပ်သားတယောက်က “တခြားစက်ရုံတွေက ပေးတာမကြားလို့ မပေးနိုင်ဘူးဆိုပြီး အချိန်ပိုကြေးဖြတ်ထားတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ရက်ရှည်ရုံးပိတ်ရက်ကို အဲဒီလ ၂၁ ရက်မှာ စစ်ကောင်စီက ကြေညာတာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ရက်ရှည်ပိတ်ရက်မှာ စက်ရုံ၊ အလုပ်ရုံတွေလည်း အကျုံးဝင်ကြောင်း အမိန့်ကြော်ငြာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ စက်ရုံတချို့က ပိတ်ရက်မှာ အလုပ်စေခိုင်းတာတွေ လုပ်ခဲ့တဲ့အပြင် ပိတ်ရက်မှာ ခိုင်းစေတဲ့အတွက် ပေးရမယ့် အချိန်ပိုကြေးကိုလည်း လျစ်လျူရှုခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခုလို ရက်ရှည်ပိတ်ရက်မှာ အချိန်ပိုကြေးမပေးတဲ့ ဖြစ်ရပ်ကတဆင့် နောက်လာမယ့် ပိတ်ရက်တွေမှာလည်း အလားတူ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ချိုးဖောက်ခံရမယ့် အခြေအနေတွေ ရှိလာနိုင်တယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။