Home
ဆောင်းပါး
ပြည်သူတို့အတွက် မျောက်ဥပင် ဆေးဖက်ဝင်
DVB
·
January 8, 2025
Design_DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မျောက်ဥပင် ဆေးဖက်ဝင်အကြောင်းကို လက်တကမ်း ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

မျောက်ဥပင် ကို သိပ္ပံလို  Dioscorea bulbifera လို့ခေါ်ပြီး အင်္ဂလိပ်လို  air potato, air yam, bitter yam, cheeky yam, potato yam, aerial yam, and parsnip yam ခေါ်ကြပါတယ်။

အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်၊ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊ သံ၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်နဲ့ ဇင့်၊ စတဲ့ အာဟာရသတ္တုဓာတ်များအပါအဝင် flavnonoid၊ saponin၊ steroid၊ cardiac glycoside၊ terpenoid၊ polyphenol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောဂါပိုးမွှားတိုက်ဖျက်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း နဲ့ အစာအိမ်လမ်းကြောင်းကာကွယ်ခြင်း၊ သွားနဲ့ အရိုး ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အနာကျက်စေခြင်း၊ အာရုံကြော နဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးတို့ကို အထောက်အကူပြုခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ မျောက်ဥပင်ရဲ့ အသီး၊အရွက် နဲ့ ဥ၊ အမြစ်တို့ကို သုံးစွဲကြပါတယ်။ မျောက်ဥမှာ flavonoid နဲ့ polyphenol များပါ၀င်တာကြောင့် ခန္ဓာကိုယ်ကို ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်ဖိစီးမှုမှ ကာကွယ်ပေးပါတယ်။

ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်ပြီး ပုံမှန်သွေးပေါင်ချိန်၊ အရည်မျှတမှု၊ ကြွက်သားလုပ်ဆောင်မှု၊ အရိုးကျန်းမာရေးနဲ့ စွမ်းအင်ဇဝဖြစ်ပျက်မှုကို ထောက်ပံ့ပေးပါတယ်။

 မျောက်ဥမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်ပါဝင်မှုများက  အစာခြေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း၊ အကျိုးပြု ဘက်တီးရီးယားများ တိုးပွားစေခြင်း၊ ဟော်မုန်းထုတ်လုပ်မှု ဟန်ချက်ညီစေခြင်းအပြင် နှလုံးနဲ့ ကြွက်သားများကို ကျန်းမာစေပါတယ်။

မျောက်ဥမှာ ပါဝင်တဲ့ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်နဲ့ ဇင့် စတဲ့အာဟာရဓာတ်များက သွေးခဲခြင်း၊ အောက်ဆီဂျင်ပို့ဆောင်ခြင်း၊ ဦးနှောက်လုပ်ဆောင်ချက် ဟန်ချက်ညီစေခြင်း၊ ဆဲလ်ကြီးထွားမှုပံ့ပိုးပေးခြင်း၊ အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးခြင်း၊ အနာကျက်စေခြင်းနဲ့ အာရုံကြောကို အားကောင်းစေခြင်း၊ သွားကျန်းမာရေး နဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးတို့ကို အထောက်အကူပြုပါတယ်။

မျောက်ဥမှာ saponin ပါဝင်တာကြောင့် မှိုနဲ့ ပိုးကူးစက်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ ဝမ်းကိုက်ခြင်းအတွက် အကျိုးပြုပါတယ်။ အနာများ၊ ပြတ်ရှဒဏ်ရာများ၊ သွေးစုနာ နဲ့ ထိခိုင်ရှနာများမှာ  လိမ်းပေးနိုင်ပါတယ်။

သွေးစုနာ၊ ပြည်တည်နာနဲ့ အနာပိုးဝင်ခြင်းများမှာ အသီးနုများကို ညက်ညက်ထောင်းပြီး အုံပေးခြင်းဖြင့် သက်သာစေပါတယ်။ ဒဏ်ရာများနဲ့ အနာများကို မျောက်ဥ  ပြုတ်ရည် နဲ့ ဖန်ဆေးပေးနိုင်ပါတယ်။

နှင်းခူ၊ အရေပြားရောင်ရမ်းခြင်းနဲ့ အဖုများ စတဲ့အရေပြားရောဂါများအတွက် မျောက်ဥမှုန့်ကို  အုန်းဆီနဲ့ရေစပ်ပြီး  လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အရွက်ကို မီးကင်ပြီး အုန်းဆီအနည်းငယ်သုတ်ကာ ရောဂါပိုးရှိတဲ့ဒဏ်ရာကို ကပ်ပေးနိုင်ပါတယ်။  

အကျိတ်ဆန့်ကျင်အာနိသင်နဲ့ စတီးရွိုကဓာတ်ပေါင်းများပါဝင်တာကြောင့် အရေပြားကင်ဆာအတွက် မျောက်ဥပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးနိုင်ပါတယ်။ အဖု/အကျိတ်ရောဂါများမှာ  မျောက်ဥကို ထုထောင်းပြီး တနေ့ ၂ ကြိမ် အုံထားပေးပါ။

လည်ချောင်းနာများမှာ မျောက်ဥအမှုန့် ကို ရှောက်ရည် ကော်ဖီ ၁ ဇွန်းနဲ့ သောက်‌စားသုံးနိုင်ပါတယ်။ မျောက်ဥအမှုန့် ကော်ဖီ ၁ ဇွန်း ကို ရေနဲ့ သောက်ခြင်းက ဗိုက်နာခြင်းကို သက်သာစေပါတယ်။

မျောက်ဥဟာ glycemic အညွှန်းကိန်းနည်းပါးတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ မျောက်ဥအသင့်အတင့်ကို ဓာတ်စာအဖြစ် စားသောက်ပေးနိုင်ပါတယ်။

မျောက်ဥကို ပျားရည်နဲ့ နွားနို့တို့ဖြင့် ပေါင်းစပ် စားသောက်ခြင်းက သုက်ပိုးနဲ့ သုက်ရည် အရည်အသွေးကို မြှင့်တင်ပေးပြီး ပန်းသေခြင်းနဲ့ မျိုးမပွားနိုင်ခြင်းအတွက် အကျိုးပြုတဲ့အပြင်  ဆဲလ်နဲ့ တစ်သျှူးများကို ပြန်လည်နုပျိုစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။  

တီဘီရောဂါအတွက် အမြစ်မှုန့်ကို ပဒဲကောမှုန့်နဲ့ ဆတူစပ်ပြီး တခါသောက် ကော်ဖီ ၂ ဇွန်းကို လောက်သေရွက် ပြုတ်ရည်နဲ့ (၆ နာရီခြား ၁ ကြိမ်နှုန်း) တနေ့ ၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

မျောက်ဥကို စားသောက်ခြင်းက အမျိုးသမီးများ ဓမ္မတာစက်ဝန်းများကို ထိန်းညှိပေးတာကြောင့်  ဓမ္မတာမမှန်ခြင်းများမှာ မျောက်ဥပြုတ်ရည်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ မျောက်ဥကို အစားအစာများမှာ ထည့်သွင်းစားသောက်ခြင်းက ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ 

မျောက်ဥဟာ ကျောက်ကပ်လုပ်ငန်းဆောင်တာများကို မြှင့်တင်ပေးပြီး ဆီးထွက်နှုန်းကို တိုးမြင့်စေတဲ့ အာနိသင်ရှိတာကြောင့် ဆီးနီ၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့် ပြဿနာများအတွက် မျောက်ဥပြုတ်ရည် တခါသောက် တဖန်ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

သွေးတွင်း မကောင်းတဲ့အဆီကို လျှော့ကျစေတာကြောင့် သွေးတိုး‌ရောဂါရှင်များ မျောက်ဥ အသင့်အတင့်ကို ပုံမှန်စားသောက်ခြင်းက သွေးပေါင်ချိန်ကို လျှော့ချပေးပြီး အဆီကြောင့် ဖြစ်တဲ့ နှးရောဂါ၊ လေငန်းရောဂါတို့ကို ဟန့်တားပေးပါတယ်။

မျောက်ဥမှုန့် ကော်ဖီ ၂ ဇွန်းကို မန်ကျည်းမှဲ့ဆတူနဲ့ ညအပ်ရာဝင် သောက်သုံးပေးခြင်းခြင့် လိပ်ခေါင်းရောဂါကို သက်သာစေပါတယ်။

မျောက်ဥဟာ ရောင်ရမ်းမှုကို ဆန့်ကျငတဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် ထိခိုက် နာကျင်မှုများမှာ မျောက်ဥကို ထုထောင်းကာ ဒဏ်ရာပေါ်မှာ အုံထားပြီး စည်းနှောင်ပေးခြင်းဖြင့် သက်သာမှု ရစေပါတယ်။

ကလေးငယ်များ သန်ကောင်၊ တုတ်ကောင် ရောဂါများမှာ လတ်ဆတ်တဲ့ မျောက်ဥပြုတ်ရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၁ ပတ်ခန့် တိုက်ကျွေးပေးနိုင်ပါတယ်။

အင်းဆက်ပိုးမွှား ကိုက်ခံရခြင်းများမှာ မျောက်ဥသတ္တုရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

အဆစ်အမြစ်ရောင်ရမ်း နာကျင်မှုများမှာ  မျောက်ဥပြုတ်ရည် တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့်  ရောင်ရမ်းနာကျင်မှုကို လျှော့ချပေးပါတယ်။

ချောင်းဆိုးခြင်း၊ အအေးမိခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက်  မျောက်ဥပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ငရုပ်ကောင်းမှုန့်ကော်ဖီ  ဇွန်းဝက်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဖျားနာခြင်းအတွက် မျောက်ဥပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့်ကော်ဖီ  ဇွန်းဝက်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါမှာ မျောက်ဥမှုန့် တခါသောက် ကော်ဖီ ၂ ဇွန်း ကို ထန်းလျက်မှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

မျောက်ဥ အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ လွန်ကဲစွာစားသုံးခြင်းကြောင့် အစာမကြေ၊ ဗိုက်နာကျင်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ယားယံခြင်းတို့ ဖြစ်နိုင်ပါတယ်။ မျောက်ဥမှာ ကိုယ်ဝန်ကိုဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များနဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ မျောက်ဥ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ မျောက်ဥနဲ့ဓာတ်မတည့်သူများ မျောက်ဥပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ မျောက်ဥပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024