
တိုယိုတာ သုတေသနယူနစ်တခုဟာ ဒုံးပျံအမြောက်အမြားထုတ်လုပ်မယ့် ဂျပန်လုပ်ငန်းသစ် Interstellar Technologies (IST) မှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အာကာသကဏ္ဍကို တိုးချဲ့ဝင်ရောက်သွားမယ်လို့ ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီက ကြေညာပါတယ်။
တိုယိုတာရဲ့ လက်ခွဲကုမ္ပဏီဖြစ်တဲ့ အလိုအလျောက်မောင်းနှင်စနစ်နဲ့ အနာဂတ်မြို့ တည်ဆောက်ရေးလုပ်ငန်း Woven by Toyota ဟာ IST မှာ ယန်း ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။
တိုယိုတာဥက္ကဋ္ဌ အကီယို တိုယိုးဒါးက လာ့စ်ဗီးဂတ်မှာ ကျင်းပတဲ့ CES နည်းပညာပြပွဲမှာ မိန့်ခွန်းပြောအပြီး အခုကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ကတည်းက ကြေညာထားတဲ့ တိုယိုတာရဲ့ Woven မြို့တော် စီမံကိန်း နောက်ဆုံးအခြေအနေကိုပါ ထုတ်ပြန်သွားခဲ့ပါတယ်။
တိုယိုတာဟာ ဒုံးပျံထုတ်လုပ်ရေးကို အာရုံစိုက်နေသလို လမျက်နှာပြင်ပေါ် လူသားသယ်ဆောင်နိုင်မယ့် လဆင်းယာဉ် တည်ဆောက်ရေးပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ပုဂ္ဂလိကအာကာသပြိုင်ပွဲကို တခေတ်ဆန်းစေခဲ့အပြီးမှာ ဒုံးပျံနဲ့ ဂြိုဟ်တုလုပ်ငန်းနယ်ပယ်ကို ပုဂ္ဂလိကကုမ္ပဏီတွေ အပြိုင်ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။
တိုယိုတာက ရင်းနှီးမြှုပ်နှံထားတဲ့ IST ကုမ္ပဏီဟာ ဂျပန်မှာ ပထမဆုံး အာကာသထဲ ဒုံးပျံပို့နိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီ ဖြစ်ပါတယ်။
Source : Reuters